Geology '95 Intake (Dagon University)
ကျောင်းသားကျောင်းသူဟောင်းများနဲ့တကွ ဘူမိဗေဒနဲ့ဆက်နွယ်သူအားလုံးအတွက်...အလွမ်းပြေ..အပန်းပြေ..ဗဟုသုတရ..

Monday, July 15, 2013

မှတ်တိုင်လွန်သွားတဲ့နေ့..

ငတ်မွတ်ခြင်းဟာ..
ကိုယ့်လျှာကိုတစ်ဖဲ့ခြင်းကိုက်ဖြတ်စားသောက်ပစ်လိုက်ရသလိုမျိုး
ရိုးသားခြင်းနဲ့ဂုဏ်သရေကိုပါ
ဝါးမျိုပစ်လိုက်တယ်..
ဂျိုကာကိုယ်တိုင် တစ်အိမ်ဝင်ထိုင်နေတဲ့
နှစ်ယောက်ထဲပါတဲ့ ကစားဝိုင်းမှာ
အလည်တယ်ထားတဲ့
ပြန်ပစ်ခွင့်မရတဲ့ဆွဲဖဲတွေထဲ
သုံးမျိုးသုံးစားသောဖဲချပ်တွေကိုပဲ
ကုလားဖန်ထိုးထားသတဲ့..
သေဆုံးခြင်း ဆိုတဲ့ဖဲချပ်ရယ်..
ဒဏ်ရာအနာတရဆိုတဲ့ဖဲချပ်ရယ်..
နောက်တစ်မျိုးက..
နောက်တစ်ချပ်ထပ်ဆွဲပါဆိုတဲ့ဖဲချပ်ရယ်ပေါ့..
မင်းသိပ်ကံကောင်းရင်
ခါးချိလောက်အောင် ၀ိုင်းကကြာလိမ့်မယ်..
ငါ့အခန်းထဲက
ပြူတင်းပေါက်ဟာ
သုံးမျိုးသောဖြစ်တည်မှုရှိရဲ့..
ရာသီဥတုနဲ့ အချိန်အခါကိုခံစားဖို့ရယ်..
အပြင်ဘက်ကမြင်ကွင်းတွေကို ငေးမောဖို့ရယ်..
ခုန်ချအဆုံးစီရင်ပစ်လိုက်ဖို့ရယ်ပဲပေါ့..
အနာဂတ်ဟာ
စက္ကန့်တိုင်း တဖြတ်ဖြတ်ကြွေနေတဲ့
ခရေပန်းတွေလိုပါပဲ..
ကောက်ပြီးသီမိလို့ကတော့
အမျှင်တန်းနေတဲ့ စွဲလမ်းမှုတွေ
ဖြစ်သွားတာတယ်လေ..
ချန်ထားခဲ့လိုက်ပါ..
တချို့ကို
ခေါင်းစုတ်သည်းကြိုးပြတ်သွားတဲ့ ဖိနပ်တစ်ဖက်အတွက်
ကျန်တဲ့အကောင်းတစ်ဖက်ကိုပါစွန့်ပစ်ရသလိုမျိုး..ချန်ထားခဲ့..
တချို့ကို
အကောင်းပကတိအထုတ်ခံလိုက်ရတဲ့ အစေ့တစ်စေ့ရှိခဲ့ဘူးတဲ့
နေကြာစေ့ခွံတွေကိုစွန့်ပစ်ရသလိုမျိုး..ချန်ထားခဲ့..
တချို့ကို
အရည်ညှစ်ခံလိုက်ရတဲ့ ကြံဖတ်ခြောက်တွေနဲ့
ဖိုထားတဲ့ မီးဖိုရဲ့ လေထဲမျောသွားတဲ့မီးခိုးတွေနဲ့
အပုံလိုက်ကျန်ခဲ့တဲ့ ပြာစုကိုစွန့်ပစ်ရသလိုမျိုး..ချန်ထားခဲ့..။  

ဇေထက်
နံနက် ၁၀း၄၁ နာရီ
၂၈၊ ၄၊ ၂၀၁၃
ရန်ကုန်မြို့။

No comments:

Post a Comment