မြန်မာနိုင်ငံနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ
(၂၀၁၂) ထွက်လာပြီးနောက်ပိုင်းမှာ နိုင်ငံတကာက ဆက်သွယ်ရင်းစွဲ သတ္တုတွင်းလုပ်ငန်းရှင်တွေဆီ
အကြောင်းကြားဖြစ်ပါတယ်။ သူတို့က ပြန်မေးကြတာတော့ သတ္တုတွင်းဥပဒေ အသစ်ဘယ်တော့များပြဌာန်းမလဲဆိုတာပါပဲ။
အသစ်ပြင်ဆင်ပြဌာန်းဖို့အစီအစဉ်ရှိပြီး
သက်ဆိုင်သူများကြိုးစားနေကြကြောင်း ပြန်အကြောင်းပြန်ရင်းနဲ့ အတွေးတစ်ခုဝင်လာလို့ဒီစာကိုရေးမိပါတယ်။အဓိကရည်ရွယ်ချက်ကတော့ကမ္ဘာတစ်ဝှမ်းသတ္တုတွင်းလုပ်ငန်း လုပ်ဆောင်နေကြရာကနေတွေ့ရှိသုံးသပ်ထားတဲ့
သတ္တုတွင်းလုပ်ငန်းတွေရဲ့သဘောသဘာဝတွေကို အများသူငှာသိစေလိုပြီး ဥပဒေပြဌာန်းဖို့ ပြင်ဆင်ကြိုးစားနေသူတွေအတွက်
စဉ်းစားစရာလေးတွေကို တို့ထိပေးချင်တဲ့ သဘောပါပဲ။
ဒီစာကိုရေးဖို့အတွက်
စာရေးသူ Robert Stevens ရဲ့ Mineral Exploration and Mining Essentials ဆိုတဲ့စာအုပ်ထဲက
မှီငြမ်းပြီးရေးသားပါတယ်လို့ ၀န်ခံပါရစေ။ ၂၀၁၂ ဇန်န၀ါရီက ထုတ်ခဲ့တဲ့စာအုပ်ဖြစ်လို့
အချိန် ကာလအားဖြင့် အတော်နီးစပ်တဲ့အချက်အလက်တွေကို စာရေးသူအခြေပြုထားတယ်လို့ ယူဆမိပါတယ်။ဒီအတွက်လဲလက်ရှိမြန်မာနိုင်ငံအတွက်လဲ လေ့လာအတုယူစရာတစ်ချို့တွေ့နိုင်လိမ့်မယ်လို့
ထင်ပါတယ်။
သတ္တုတွင်းဥပဒေဆိုတာ
သတ္တုတွင်းလုပ်ငန်းဆောင်တာတွေကို အဓိကထိမ်းကြောင်းရမယ့် ဥပဒေ တစ်ရပ် ဖြစ်တယ်လို့ယူဆမိတဲ့အတွက်
အရင်ဆုံး သတ္တုတွင်းလုပ်ငန်းတွေရဲ့ ဖြစ်စဉ်အဆင့်ဆင့်ဟာ ဘာတွေလဲဆိုတာ သိဖို့လိုအပ်တယ်လို့ထင်ပါတယ်။
တကယ်တော့သတ္တုတွင်းလုပ်ငန်းဆိုတာအဓိကကျတဲ့ သော့ချက်အစိတ်အပိုင်းများစွာနဲ့ပေါင်းစုဖွဲ့စည်းထားတဲ့
လှုပ်ရှားသက်ဝင်နေတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ Explorationလို့ခေါ်တဲ့ သတ္တုစမ်းသပ်ရှာဖွေတိုင်းတာ
တဲ့ဖြစ်စဉ်ကနေစတင်ပြီးသတ္တုတူးဖော်ထုတ်လုပ်ခြင်း၊သန့်စင်ခြင်းစတဲ့ဖြစ်စဉ်အဆင့်တွေကို
ဖြတ်သန်းလာရာ ကနေ နောက်ဆုံး သတ္တုတွင်းပိတ်သိမ်းကာ မြေယာပြန်လည်ပြုပြင်ခြင်းလုပ်ငန်းတွေနဲ့အဆုံးသတ်ပါတယ်။
အဆင့်တစ်ခုချင်းစီဟာသီးခြားဆောင်ရွက်မှုပုံစံတွေနဲ့ထူးခြားပြီး တစ်ဆင့်ပြီးတစ်ဆင့်
တိုးတက်ဖြစ်ထွန်းလာ တတ်ပါတယ်။တစ်ချို့အဆင့်တွေကတော့တစ်ဆင့်နဲ့တစ်ဆင့် Overlap ဖြစ်ပြီးလုပ်ဆောင်တာမျိုးလဲရှိတတ်
ပါတယ်။ဥပမာအားဖြင့်လူထုအဖွဲ့အစည်းတွေကို ပညာပေးခြင်းလုပ်ငန်းတွေကို စမ်းသပ်ရှာဖွေစဉ်ကာလမှာ
ကတည်းကဆောင်ရွက်ခြင်း၊မြေယာပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေကိုသတ္တုတူးဖော်ထုတ်လုပ်ခြင်းကာလမှာ
ကတည်းကဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ်။
သတ္တုတွင်းလုပ်ငန်းတွေရဲ့
ဖြစ်စဉ်အဆင့်ဆင့်ကို အစိတ်အပိုင်း ခုနစ်ခုနဲ့ဖွဲ့စည်းထားပါတယ်။
၁။ စမ်းသပ်ရှာဖွေတိုင်းတာခြင်းအဆင့်
(Exploration)
တန်ဖိုးရှိနိုင်တဲ့ကျောက်နဲ့တွင်းထွက်သိုက်ရှာဖွေပြီးစစ်ဆေးအကဲဖြတ်တဲ့အဆင့်ဖြစ်ပြီးသတ္တုသိုက်ကိုရှာဖွေ
ခြင်းလုပ်ပြီးနောက် တူးဖော်ထုတ်လုပ်မှုမပြုခင်မှာ သတ္တုသိုက်ရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစား၊
အရည်အသွေး၊ ပမာဏစသည်ဖြင့်ဖော်ထုတ်ပေးရပါတယ်။
၂။အသိပညာပေးခြင်း၊ ခွင့်ပြုချက်များရယူ/ပေးခြင်း
နှင့် ငွေကြေးဆိုင်ရာလေ့လာမှုပြုခြင်းအဆင့် (Consultations, Permitiing and
Financial Analysis)
ရည်ရွယ်ထားတဲ့သတ္တုတွင်းရဲ့
လူမှုစီးပွားရေးနဲ့ပါတ်ဝန်းကျင်ဆိုင်ရာအချက်အလက်တွေကို ပြည်သူလူထု၊ အစိုးရ နဲ့ အခြား
Stakeholders တွေကိုတင်ပြ အသိပညာပေးခြင်းတွေလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီအတွက်ပါတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုလေ့လာခြင်းတွေအပြင်
ငွေကြေးဆိုင်ရာလေ့လာ
သုံးသပ်ခြင်းတွေ၊ အင်ဂျင်နီယာဆိုင်ရာလေ့လာမှုတွေလုပ်ဆောင်ရမှာဖြစ်ပြီး
ခွင့်ပြုချက်များရယူခြင်း၊ ထုတ်ပေးခြင်းတွေလုပ်ဆောင်ရမှာ လည်းဖြစ်ပါတယ်။
၃။ တည်ဆောက်ခြင်းအဆင့်
(Construction)
ခွင့်ပြုချက်ရပြီးတာနဲ့ဆက်လက်ပြီး
သတ္တုတွင်းဖွံ့ဖြိုးမှုလုပ်ဆောင်ရေးတွေလုပ်ဆောင်ရတာဖြစ်ပါတယ်။
၎။ သတ္တုတူးဖော်ရေးအဆင့်
(Mining)
မြေအောက်မှာရှိတဲ့
သတ္တုတွေကိုတူးဖော်ထုတ်ယူခြင်းလို့ဆိုနိုင်ပါတယ်။
၅။ သတ္တုပြုပြင်သန့်စင်ခြင်း
(Mineral Processing)
ကျောက်သားထဲမှာရှိတဲ့
တန်ဖိုးရှိတဲ့တွင်းထွက်တွေကိုထုတ်ယူနိုင်ဖို့အတွက် သတ္တုရိုင်းများကို ကြိတ်ခွဲခြင်းနှင့်
ပြုပြင်သန့်စင်ခြင်းလုပ်ဆောင်ရပါတယ်။
၆။ အရည်ကျိုသန့်စင်ခြင်း
(Smelting and Refining)
သန့်စင်တဲ့နောက်ဆုံးထွက်ကုန်သတ္တုသန့်ကိုရဖို့အတွက်ပြုပြင်သန့်စင်ရာကရလာတဲ့သတ္တုရိုင်းတွေကို အရည်ကျိုခြင်း၊ Treament ပေးခြင်းတွေလုပ်ဆောင်ရပါတယ်။
၇။
သတ္တုတွင်းပိတ်သိမ်းခြင်းနှင့်မြေယာပြန်လည်ပြုပြင်ခြင်းအဆင့် (Closure and
Reclamation)
သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်နားပိတ်သိမ်းလိုက်ပြီး
အရင်တူးဖော်ထုတ်လုပ်မှုတွေ မပြုခင်အခြေအနေ အတိုင်းဖြစ်နိုင်သမျှဖြစ်အောင် မြေယာကိုပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းတွေပဲဖြစ်ပါတယ်။
ဒီလုပ်ငန်းအဆင့်တစ်ခုချင်းစီကိုလုပ်ဆောင်ရာမှာ
ကုန်ကျတဲ့ စရိတ်နဲ့အချိန်ဟာ တစ်ဆင့်နဲ့တစ်ဆင့် သိသိ သာသာကွဲပြားလေ့ရှိပါတယ်။ ဥပမာအားဖြင့်
သေးငယ်ပြီး ရိုးရှင်းတဲ့လုပ်ငန်းမျိုးဟာ စမ်းသပ်ရှာဖွေမှုအဆင့် ကနေတူးဖော်ထုတ်လုပ်မှုအဆင့်ကိုနှစ်အနည်းငယ်အတွင်းမှာကူးပြောင်းသွားနိုင်ပြီး အဲဒီလိုစတင်ထုတ်လုပ် တူးဖော်ရာကနေ သတ္တုတွင်းပိတ်သိမ်းခြင်းအထိ
ဆယ်စုနှစ်တစ်ခုအတွင်းမှာ ရောက်ရှိသွားတတ်ပါတယ်။ တစ်ခါတည်းမှာ ကြီးမားပြီး လုပ်ငန်းရှုပ်ထွေးမှုရှိတဲ့
လုပ်ငန်းတွေမှာဆိုရင်တော့ စမ်းသပ်ရှာဖွေခြင်း၊ အသိပညာပေးခြင်း၊ခွင့်ပြုချက်များရယူခြင်းနှင့်တည်ဆောက်ရေးလုပ်ငန်းများ
ဆောင်ရွက်ခြင်းတွေ
ဆောင်ရွက်ဖို့အတွက်တင် နှစ်ပေါင်း ၂၀ လောက်ကြာတတ်ပြီး ထုတ်လုပ်မှုအတွက်တော့
ဆယ်စုနှစ် များစွာကြာတတ်ပါတယ်။ ဒီလိုပဲ စမ်းသပ်ရှာဖွေခြင်း၊ အသိပညာပေးခြင်း၊ ခွင့်ပြုချက်များရယူခြင်း နှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းအတွက်
လုပ်ငန်းအငယ်စားတွေမှာ အမေရိကန်ဒေါ်လာ သန်း၁၀၀ လောက်ကနေ လုပ်ငန်းအကြီးစားတွေမှာ အမေရိကန်ဒေါ်လာသန်း
၃၀၀၀ လောက်ထိကျခံသုံးစွဲ ရလေ့ရှိပါတယ်။
ဆက်လက်ပြီးအောက်မှာဇယားနဲ့အတူသတ္တုတွင်းလုပ်ငန်းတွေရဲ့ဖြစ်စဉ်အဆင့်ဆင့်အလိုက်အချိန်နဲ့ငွေကြေး သုံးစွဲရမှုအနှစ်ချုပ်ကိုဖော်ပြထားပါတယ်။
လုပ်ဆောင်မှု
|
အချိန်
|
ကုန်ကျစရိတ်/ပြန်ရငွေ
(အမေရိကန်ဒေါ်လာ)
|
စမ်းသပ်ရှာဖွေတိုင်းတာခြင်းအဆင့်
|
၃
- ၁၂ နှစ်
|
-
တစ်နှစ်လျင်၅သောင်း မှ သိန်း ၂၀၀ ထိ
-
စုစုပေါင်း သန်း ၂၀ မှ သန်း ၁၅၀ ကျော်ထိ
|
ခွင့်ပြုချက်များရယူနှင့်ငွေကြေးဆိုင်ရာ
လေ့လာမှုပြုခြင်းအဆင့်
|
၂
- ၇ နှစ်
(စီးပွားဖြစ်နိုင်စွမ်းလေ့လာခြင်းနှင့်
ပါတ်ဝန်းကျင်ဆိုင်ရာလေ့လာခြင်းများ
အပါအ၀င်)
|
၂
သန်းမှ သန်း ၂၀ ထိ
|
တည်ဆောက်ခြင်းအဆင့်
|
၁
- ၄ နှစ်
|
သန်း
၁၀၀ မှ သန်း ၃၀၀၀ ထိ
|
သတ္တုတူးဖော်ရေးအဆင့်
|
၅
- ၁၀၀ နှစ်
|
သန်းရာပေါင်းများစွာမှ
သန်းထောင်ပေါင်းများစွာထိ
ပြန်ရနိုင်
|
သတ္တုတွင်းပိတ်သိမ်းခြင်းနှင့်
မြေယာပြန်လည်ပြုပြင်ခြင်းအဆင့်
|
၂
- ၅ နှစ်
(သတ္တုတူးဖော်ခြင်းလုံးဝ
ရပ်ဆိုင်းပြီးချိန်မှစ၍)
(ဆက်လက်စောင့်ကြပ်ကြည့်ရှုခြင်းမှာ
ပို၍
အချိန်ကြာနိုင်)
|
၂
သန်းမှ သန်း ၅၀ ထိ
|
ဒါတွေဟာကမ္ဘာမှာရှိတဲ့သတ္တုတွင်းအသီးသီးရဲ့အချက်အလက်တွေကိုစုစည်းသုတေသနပြုပြီးထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေပါ။ ဒါတွေကိုကြည့်ခြင်းအားဖြင့် အချိန်ကာလအရဖြစ်စေ ငွေကြေးရင်းနှီးမှုအရဖြစ်စေ
အခြေခံစဉ်းစားရမယ့်အချက်အလက်တွေကိုသိနိုင်မယ်လို့ထင်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေက မြန်မာနိုင်ငံသတ္တုတွင်းလုပ်ငန်းတွေနဲ့ပါတ်သက်လို့
လုပ်ကွက်တစ်ခုချင်းစီအပေါ် ရင်းနှီးမြှုပ်နှံမှုပမာဏ၊အချိန်ကာလသတ်မှတ်ချက်တွေနဲ့သိရှိပြီးသားသူတွေနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
မြန်မာ
နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆီမှာ တင်ပြတောင်းခံရင်ခက်ခဲတယ်ဆိုတဲ့ သဘောတရားကိုအခြေပြုပြီး
အသေးစားသတ္တုတူးဖော်ထုတ်လုပ်ရေးဆိုပြီးခေါင်းစဉ်တပ်ကာ စာရွက်ပေါ်ကရင်းနှီးမြှုပ်နှံမှုပမာဏ
သိန်း ၁၀၀ ကျပ်လောက်ကို ဖော်ပြပြီးလုပ်ကိုင်ခဲ့ကြတဲ့ အဆီအငေါ်မတည့်မှုတွေကိုပြန်လည်သုံးသပ်ကြရပါမယ်။
လုပ်ငန်းဆောင်ရွက်မှုအမှန်တကယ်ဆောင်ရွက်ရာမှာတော့အကြီးစားသတ္တုတူးဖော်ခြင်းဆန်ဆန်
ဆောင်ရွက်နေပေမယ့်
အထက်မှာဖော်ပြခဲ့တဲ့ အဆင့်အသီးသီးကို မှန်ကန်အောင်မလုပ်ခဲ့နိုင်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူရဲ့ဆုံးရှုံးမှုတွေဖြစ်ခဲ့ရသလိုဒေသခံပြည်သူတွေရဲ့လူမှုဘ၀နဲ့ပါတ်ဝန်းကျင်ဆိုင်ရာထိခိုက်နစ်နာ
မှုတွေလည်းကြုံတွေ့ခဲ့ကြရတာကိုကျွန်တော်တို့သိနေမြင်နေခဲ့ကြရပါတယ်။
လက်ရှိမြန်မာ့သတ္တုတွင်းလုပ်ငန်းတွေရဲ့ အစကနဦးအဆင့်မှာ
ကတည်းက စမ်းသပ်ရှာဖွေမှုကို မသုံးစွဲချင်ကြတာ၊ငွကြေးဆိုင်ရာတွက်ချက်သုံးသပ်မှုပီပီပြင်ပြင်မရှိပဲလုပ်ဆောင်နေကြတာ၊တည်ဆောက်ရေး အဆင့်ကိုမရှိသလောက်(စာရွက်ထဲကလွဲလို့)ဖြစ်နေတာ၊ထုတ်လုပ်မှုစနစ်မမှန်တာစသည်စသည်တွေကြောင့်
နောက်ဆုံးဈေးကွက်ပါပျောက်သွားရတာမျိုးတွေဖြစ်နေရ တာကိုကြုံတွေ့နေရပါတယ်။
ဒီဆုံးရှုံမှုတွေလွန်မြောက်ပြီး သတ္တုလုပ်ငန်းများဖွံဖြိုးအောင်ဆောင်ရွက်နိုင်ဖို့
ဒီလုပ်ငန်းစဉ်အဆင့်တွေကို အခြေခံပြီး ထွက်ပေါ်လာမယ့် ဥပဒေဟာသိပ်အရေးကြီးပါတယ်။ လုပ်ငန်းစဉ်အဆင့်တိုင်းကို
မှန်မှန်ကန်ကန်လုပ်ဆောင်မှသာနိုင်ငံတကာအရည်အသွေးမီတဲ့သတ္တုထုတ်ကုန်တွေပေါ်ထွက်လာမှာ
ဖြစ်သလိုပြည်သူလူထုနဲ့တိုင်းပြည်အကျိုးစီးပွားကိုပံ့ပိုးအကာအကွယ်ပေးနိုင်မယ့်အနေအထားတွေဖြစ်လာနိုင် မှာဖြစ်ပါတယ်။ သတ္တုဆိုလူတွေကြောက်နေကြတာမျိုးကနေလွန်မြောက်ချင်ရင်တော့ ဒီအဆင့်တွေကို အမှန်အကန်ဆုံးလုပ်ပြ
နိုင်ဖို့လိုပါလိမ့်မယ်လိုထင်မြင်မိပါတယ်။
ဇေထက်
နေ့လည် ၂း၂၃နာရီ
၂၄၊ ၁၁၊ ၂၀၁၂။
ရန်ကုန်မြို့။
No comments:
Post a Comment