Geology '95 Intake (Dagon University)
ကျောင်းသားကျောင်းသူဟောင်းများနဲ့တကွ ဘူမိဗေဒနဲ့ဆက်နွယ်သူအားလုံးအတွက်...အလွမ်းပြေ..အပန်းပြေ..ဗဟုသုတရ..

Thursday, August 25, 2011

လင်းဝေးသို့ အမှတ်တရ

2002 ခုနှစ် ဧပြီ၊ သင်္ကြန်ကာလ ရန်ကုန်ကိုစွန့်လို့ လင်းဝေးဆီသွားခဲ့တယ်။ အလင်းတွေနဲ့ ဝေးတဲ့ဆီကိုပေါ့။ အဲဒီမှာ လျှပ်စစ်မီးမရှိဘူး။ လိမ္မော်သီး လှလှတွေရှိတယ်။ စကားပြောဖို့တောင်ရှက်တဲ့ ပအို့မလေးတွေရှိတယ်။ မနက်မိုးလင်းရင် တောင်တန်းတွေပေါ်ကို ကျောပိုးအိပ်လွယ်ပြီးတက်။ ညမှောင်မှ ရွာပြန်လာ။ ရေမချိုးရတာ ၄ရက်။ ရေချိုးဖို့ စမ်းချောင်းကို နာရီဝက်ဆင်းရတယ်။ ပြီးရင် နာရီဝက်ပြန်တက်ရတယ်။ အဲဒီက ရမ်နဲ့ အသဲကွဲသီးဖျော်ရည်ရောထားတဲ့ဟာကို ညည ဆိုသောက်ဖြစ်တယ်။ လိမ္မော်သီးစားချင်တယ်ဆိုလို့ ရွာက တောင်းနဲ့တစ်တောင်းလာပေးတယ်။ ကွမ်းစားချင်တယ်ဆိုလို့ ကလေးတစ်ယောက်က သူ့မှာပါတဲ့ ကွမ်းရွက်ကွမ်းသီးထုံးဆေး အစုံပါတဲ့ အထုပ်တစ်ထုပ်လုံးပေးခဲ့တယ်။ သင်္ကြန်တွင်းကျတော့ သူငယ်ချင်းသုံးယောက် ရှားရှားပါးပါး သောက်ရေခွက်နဲ့ တစ်ခွက်စီ အလောင်းခံရတာမမေ့ဘူး။

ကျောက်တောရွာကပြန်လာတော့ ဆရာကပြောတယ် ငါကွာ ထောပတ်ပင်တွေ့ခဲ့တယ် အသီးတွေအများကြီးပဲ ၀ယ်မယ်ဆိုတော့ မရောင်းဘူး ပြောတယ် တဲ့။ ညနေစောင်းကျတော့ အဖိုးအိုတစ်ယောက် အထုပ်ကြီးထမ်းလို့ ရောက်လာတယ်။ ဒီကဆရာရောတဲ့မေးတယ်။ အဖိုးကိစ္စရှိရင် ပြောပါဆိုတော့။ နေ့လည်က ထောပတ်သီးလိုချင်တယ်ပြောလို့ အခုလိုက်ပို့တာတဲ့။ အဖိုးရာအလေးခံလို့ နေ့လည်ကရောင်းလိုက်ပြီးရောဆိုတော့။ မရောင်းပါဘူးတဲ့ ပေးလိုက်ရင် သယ်နေရမှာစိုးလို့ အခုလိုက်ပို့တာတဲ့။ အဖိုးအသက်က ၇၅ နှစ်တဲ့။ ကျွန်တော်တို့ မောဟိုက်အောင်တက်ရတဲ့ ချောက်ကို အဖိုး ထောပတ်သီး အလုံး ၅၀ လောက်နဲ့ တက်လာခဲ့ရတယ်။ သူ့စေတနာက ကျွန်တော့်ရင်ထဲကို ဆို့ သွားတာပဲ။

ဆေးလိပ်ပြတ်ကုန်လို့ ရွာရဲ့ တစ်ခုတည်းသောကုန်စုံဆိုင်ကိုသွားတယ်။ ဗွီဒီယိုလဲပြတော့ အ၀မှာ ဆိုင်းဘုတ်ရေးထားတယ်။ ဖတ်ကြည့်တော့ ဘာကားမှန်းမသိဘူး။ အထဲရောက်တော့မေးကြည့်တယ် ဘာတွေရေးထားလဲလို့ပေါ့။ ရေးတဲ့ကောင်မလေးက ၄ တန်းအထိနေဖူးတယ်တဲ့။
သူပြောတာကတော့ အခွေ အဖုံးကစာတွေ ကူးရေးလိုက်တာပဲတဲ့။ ဖတ်လို့နားမလည်ဘူးလို့ သူ့ကိုပြောတော့ ရယ်တယ်။
နားလည်စရာမလိုပါဘူးတဲ့ တစ်ရွာလုံးစာမဖတ်တတ်တဲ့ လူက အများစုပဲတဲ့။ ရေးထားရင် ဗွီဒီယို ဒီညပြမယ်ဆိုတာသိတာပဲတဲ့။
ကျွန်တော့် ရင်ထဲမကောင်းလိုက်တာ။

ရွာလူကြီးကိုမေးကြည့်တယ် မူလတန်းကျောင်းက စာမသင်ဘူးလားလို့။မသင်ဖြစ်ပါဘူး။ ဆရာတွေက ခနလာလိုက် ပညာရေးမှူးရုံး သွားမယ်ဆိုပြီး မြို့တက်သွားလိုက်၊ ပြန်ပေါ်မလာလိုက်နဲ့။ တစ်ယောက်မှ တစ်လကြာအောင်မနေကြပါဘူးတဲ့။ ဆိုးလိုက်တဲ့အဖြစ်ဗျာ။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခု ချမိခဲ့တယ်။ ငါ ဘွဲ့ရရင် ဒီလိုရွာတွေလာ ကျောင်းဆရာလုပ်မယ်ဆိုပြီးလေ။ ကျွန်တော် ဟိုးအဝေးကြီးရောက်နေတုန်း လင်းဝေးကိုသတိရတယ်။ ကဗျာကလေးရေးမိတယ်။ ပြန်သွားမယ်ဆိုပြီးတော့ပေါ့။

လင်းဝေး

မြို့ပြအလင်းတွေနဲ့ဝေးလို့များ
လင်းဝေးလို့ခေါ်သလားလင်းဝေး။
တုံးမောင်းမခေါက်ခင်
မျက်နှာထသစ်တဲ့လင်းဝေး။
နင့်ဗုံသံတွေကြားမှာ တောင်တန်းတွေကနေတာ
မမေ့နိုင်သေးဘူး။
သင်္ကြန်တစ်ခုလုံးမှ
ရေတစ်ခွက်ထဲလောင်းတဲ့လင်းဝေး၊
မျက်လုံးခါးခါး
အဓိပ္ပါယ်ခါးခါး
အမုန်းခါးခါးတွေများတွေ့ရင်
နင့်ရင်ဘတ်ထဲက
လိမ္မော်သီးတွေကို မမေ့နိုင်ဘူး။
တောင်တန်းတွေကြားထဲက
စမ်းချောင်းလေးမှာ
ရေချိုးဖို့စောင့်နေတဲ့ လင်းဝေး
ငါပြန်လာရင်နင်ဝမ်းသာဦး။

နောက်ဆုံးကျတော့ ကျွန်တော်ဆိုတဲ့ကောင်က တစ်လမပြည့်အောင်မနေတဲ့ ကျောင်းဆရာလောက်တောင် အဖြစ်မရှိပါဘူး။ဒီပုတ်ထဲကဒီပဲပါပဲ။ တော်ရာ လျော်ရာအလုပ်တစ်ခု ၀င်လုပ်။ ဘ၀ကိုမသေရုံတမယ် အသက်မွေးနေခဲ့တာပါပဲ။အမှန်က ကျွန်တော့်လိုကောင်တွေများနေလို့ မြန်မာနိုင်ငံမှာ စာမတတ်သေးတဲ့ နေရာတွေရှိနေသေးတာပါ။


ဝေလင်းထက်သွင်
blog post at www.weilinting.blogspot.com

1 comment:

  1. This photo evokes the past memorial events we encountered in the field. Nice and lively photo.

    ReplyDelete