Geology '95 Intake (Dagon University)
ကျောင်းသားကျောင်းသူဟောင်းများနဲ့တကွ ဘူမိဗေဒနဲ့ဆက်နွယ်သူအားလုံးအတွက်...အလွမ်းပြေ..အပန်းပြေ..ဗဟုသုတရ..

Sunday, August 28, 2011

ချစ်သောပန်းကလေး

ဘူမိဗေဒအထူးပြုနဲ့ကျောင်းတက်ခဲ့သူတိုင်းအတွက်..ချစ်သောပန်းကလေး..ဟာ..
အမြဲတမ်းလှိုက်မောတမ်းတနေစေတဲ့စာအုပ်တစ်အုပ်ပါ..
Min Lu - Chit Thaw Pann Ka Lay

Saturday, August 27, 2011

ခြေရာတို့၏အသံ ၀တ္ထုတိုများ (ဆင်တဲဝမြတ်ဖုန်း)


တောတောင်အနှံ့မှာ..သတ္တုမုဆိုးဘူမိဗေဒသမားတို့ရဲ့..
ခြေရာတွေ..ခြေရာတွေ..

ခြေရာတိုင်းမှာ အသံရှိတယ်..

အဲဒီအသံတွေကို နားထောင်ကြည့်လိုက်ကြစမ်းပါ..

ဆင်တဲဝမြတ်ဖုန်း
ခြေရာတို့၏အသံ ၀တ္ထုတိုများ

Thursday, August 25, 2011

လင်းဝေးသို့ အမှတ်တရ

2002 ခုနှစ် ဧပြီ၊ သင်္ကြန်ကာလ ရန်ကုန်ကိုစွန့်လို့ လင်းဝေးဆီသွားခဲ့တယ်။ အလင်းတွေနဲ့ ဝေးတဲ့ဆီကိုပေါ့။ အဲဒီမှာ လျှပ်စစ်မီးမရှိဘူး။ လိမ္မော်သီး လှလှတွေရှိတယ်။ စကားပြောဖို့တောင်ရှက်တဲ့ ပအို့မလေးတွေရှိတယ်။ မနက်မိုးလင်းရင် တောင်တန်းတွေပေါ်ကို ကျောပိုးအိပ်လွယ်ပြီးတက်။ ညမှောင်မှ ရွာပြန်လာ။ ရေမချိုးရတာ ၄ရက်။ ရေချိုးဖို့ စမ်းချောင်းကို နာရီဝက်ဆင်းရတယ်။ ပြီးရင် နာရီဝက်ပြန်တက်ရတယ်။ အဲဒီက ရမ်နဲ့ အသဲကွဲသီးဖျော်ရည်ရောထားတဲ့ဟာကို ညည ဆိုသောက်ဖြစ်တယ်။ လိမ္မော်သီးစားချင်တယ်ဆိုလို့ ရွာက တောင်းနဲ့တစ်တောင်းလာပေးတယ်။ ကွမ်းစားချင်တယ်ဆိုလို့ ကလေးတစ်ယောက်က သူ့မှာပါတဲ့ ကွမ်းရွက်ကွမ်းသီးထုံးဆေး အစုံပါတဲ့ အထုပ်တစ်ထုပ်လုံးပေးခဲ့တယ်။ သင်္ကြန်တွင်းကျတော့ သူငယ်ချင်းသုံးယောက် ရှားရှားပါးပါး သောက်ရေခွက်နဲ့ တစ်ခွက်စီ အလောင်းခံရတာမမေ့ဘူး။

ကျောက်တောရွာကပြန်လာတော့ ဆရာကပြောတယ် ငါကွာ ထောပတ်ပင်တွေ့ခဲ့တယ် အသီးတွေအများကြီးပဲ ၀ယ်မယ်ဆိုတော့ မရောင်းဘူး ပြောတယ် တဲ့။ ညနေစောင်းကျတော့ အဖိုးအိုတစ်ယောက် အထုပ်ကြီးထမ်းလို့ ရောက်လာတယ်။ ဒီကဆရာရောတဲ့မေးတယ်။ အဖိုးကိစ္စရှိရင် ပြောပါဆိုတော့။ နေ့လည်က ထောပတ်သီးလိုချင်တယ်ပြောလို့ အခုလိုက်ပို့တာတဲ့။ အဖိုးရာအလေးခံလို့ နေ့လည်ကရောင်းလိုက်ပြီးရောဆိုတော့။ မရောင်းပါဘူးတဲ့ ပေးလိုက်ရင် သယ်နေရမှာစိုးလို့ အခုလိုက်ပို့တာတဲ့။ အဖိုးအသက်က ၇၅ နှစ်တဲ့။ ကျွန်တော်တို့ မောဟိုက်အောင်တက်ရတဲ့ ချောက်ကို အဖိုး ထောပတ်သီး အလုံး ၅၀ လောက်နဲ့ တက်လာခဲ့ရတယ်။ သူ့စေတနာက ကျွန်တော့်ရင်ထဲကို ဆို့ သွားတာပဲ။

ဆေးလိပ်ပြတ်ကုန်လို့ ရွာရဲ့ တစ်ခုတည်းသောကုန်စုံဆိုင်ကိုသွားတယ်။ ဗွီဒီယိုလဲပြတော့ အ၀မှာ ဆိုင်းဘုတ်ရေးထားတယ်။ ဖတ်ကြည့်တော့ ဘာကားမှန်းမသိဘူး။ အထဲရောက်တော့မေးကြည့်တယ် ဘာတွေရေးထားလဲလို့ပေါ့။ ရေးတဲ့ကောင်မလေးက ၄ တန်းအထိနေဖူးတယ်တဲ့။
သူပြောတာကတော့ အခွေ အဖုံးကစာတွေ ကူးရေးလိုက်တာပဲတဲ့။ ဖတ်လို့နားမလည်ဘူးလို့ သူ့ကိုပြောတော့ ရယ်တယ်။
နားလည်စရာမလိုပါဘူးတဲ့ တစ်ရွာလုံးစာမဖတ်တတ်တဲ့ လူက အများစုပဲတဲ့။ ရေးထားရင် ဗွီဒီယို ဒီညပြမယ်ဆိုတာသိတာပဲတဲ့။
ကျွန်တော့် ရင်ထဲမကောင်းလိုက်တာ။

ရွာလူကြီးကိုမေးကြည့်တယ် မူလတန်းကျောင်းက စာမသင်ဘူးလားလို့။မသင်ဖြစ်ပါဘူး။ ဆရာတွေက ခနလာလိုက် ပညာရေးမှူးရုံး သွားမယ်ဆိုပြီး မြို့တက်သွားလိုက်၊ ပြန်ပေါ်မလာလိုက်နဲ့။ တစ်ယောက်မှ တစ်လကြာအောင်မနေကြပါဘူးတဲ့။ ဆိုးလိုက်တဲ့အဖြစ်ဗျာ။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခု ချမိခဲ့တယ်။ ငါ ဘွဲ့ရရင် ဒီလိုရွာတွေလာ ကျောင်းဆရာလုပ်မယ်ဆိုပြီးလေ။ ကျွန်တော် ဟိုးအဝေးကြီးရောက်နေတုန်း လင်းဝေးကိုသတိရတယ်။ ကဗျာကလေးရေးမိတယ်။ ပြန်သွားမယ်ဆိုပြီးတော့ပေါ့။

လင်းဝေး

မြို့ပြအလင်းတွေနဲ့ဝေးလို့များ
လင်းဝေးလို့ခေါ်သလားလင်းဝေး။
တုံးမောင်းမခေါက်ခင်
မျက်နှာထသစ်တဲ့လင်းဝေး။
နင့်ဗုံသံတွေကြားမှာ တောင်တန်းတွေကနေတာ
မမေ့နိုင်သေးဘူး။
သင်္ကြန်တစ်ခုလုံးမှ
ရေတစ်ခွက်ထဲလောင်းတဲ့လင်းဝေး၊
မျက်လုံးခါးခါး
အဓိပ္ပါယ်ခါးခါး
အမုန်းခါးခါးတွေများတွေ့ရင်
နင့်ရင်ဘတ်ထဲက
လိမ္မော်သီးတွေကို မမေ့နိုင်ဘူး။
တောင်တန်းတွေကြားထဲက
စမ်းချောင်းလေးမှာ
ရေချိုးဖို့စောင့်နေတဲ့ လင်းဝေး
ငါပြန်လာရင်နင်ဝမ်းသာဦး။

နောက်ဆုံးကျတော့ ကျွန်တော်ဆိုတဲ့ကောင်က တစ်လမပြည့်အောင်မနေတဲ့ ကျောင်းဆရာလောက်တောင် အဖြစ်မရှိပါဘူး။ဒီပုတ်ထဲကဒီပဲပါပဲ။ တော်ရာ လျော်ရာအလုပ်တစ်ခု ၀င်လုပ်။ ဘ၀ကိုမသေရုံတမယ် အသက်မွေးနေခဲ့တာပါပဲ။အမှန်က ကျွန်တော့်လိုကောင်တွေများနေလို့ မြန်မာနိုင်ငံမှာ စာမတတ်သေးတဲ့ နေရာတွေရှိနေသေးတာပါ။


ဝေလင်းထက်သွင်
blog post at www.weilinting.blogspot.com

Wednesday, August 24, 2011

ကြွက်နဲ့ပေကြိုး..

နွားထိုးကြီးမြို့နယ်၊တောင်လျှော်ဖြူကျေးရွာကို ဘူမိဗေဒဂုဏ်ထူးတန်းကျောင်းသားတွေ ကွင်းဆင်းစခန်းစချတဲ့နေ့ကပေါ့..
ဘုန်းကြီးကျောင်းထဲကဘုရားစောင်းတန်းအဘက်ဘက်မှာ ကျောင်းသားတွေနဲ့ အာရုံခံတန်ဆောင်းမှာ ကျောင်းသူတွေအသီးသီးနေရာယူကြပါတယ်..
စောင်းတန်းကကျောင်းသားတွေမှာ ခြင်ထောင်ထောင်ဖို့ ကြိုးတွေတန်းကြရပါတယ်..
ကြိုးကလဲခက်ခက်ခဲခဲမရှာလိုက်ရပါဘူး..ကျောင်းမှာကတည်းက ပေကြိုးအဖြစ်တိုင်းနိုင်ဖို့ ဆရာတွေက ၁ ပေခြား မီးတိပ်တွေကပ်ခိုင်းထားတဲ့ နိုင်လွန်ကြိုးခွေတွေနဲ့အလွယ်တကူ ချည်ပြီး ခြင်ထောင်ကြိုးသာမက အ၀တ်ကြိုးတန်းအထိပါအသုံးဝင်တဲ့တန်းတွေအဖြစ်ဖန်တီးလိုက်ကြပါတယ်..
ညပိုင်းရောက်လို့..စားပြီးသောက်ပြီးတော့ ဆရာဦးကျော်မင်း ဦးဆောင်ပြီး နောက်နေ့ကွင်းဆင်းရင်လုပ်ရမယ့် အစီအစဉ်တွေကိုပြောဖို့ ဆွေးနွေးဖို့ အစည်းအဝေးလုပ်ကြပါတယ်..
ဒီတောင်လျှော်ဖြူကိုမရောက်ခင် ကျောက်ဆည်မှာလေ့လာခဲ့ကြတုံးကတော့ အသွင်ပြောင်းကျောက်တွေကိုအဓိကလေ့လာခဲ့ရတာမို့ အခုဒီဒေသရဲ့ အနည်ကျကျောက်လွှာတွေကိုလေ့လာရာမှာ မတူညီတဲ့သဘောတရားတွေကို ဆရာကရှင်းပြနေပါတယ်..
နောက်ဘက်ခပ်ကျကျမှာတော့ တင်မောင်၊ သရဲမ၊ ဘုတို၊ အရုပ် တို့နဲ့အတူ ကြွက်နဲ့ ကျွန်တော်တို့ ငမူးတစ်သိုက် ငိုက်ရင်းမြည်းရင်းရှိနေပါတယ်..
ဆရာပြောတာကြားတစ်ဝက် မကြားတစ်ဝက်ပေါ့..
ဆရာကလဲရှင်းပြလိုက် ပြန်မေးလိုက် ..ကျောင်းသားတွေကလဲ နားထောင်လိုက်ပြန်ဖြေကြလိုက်နဲ့ပေါ့..
တခါတရံတော့လည်း ဆရာမေးတာကို အားလုံးပေါင်းလို့မှတစ်ယောက်မှ ပြန်မဖြေနိုင်ဖြစ်ကြရပြန်ပါတယ်..
အဲဒီလိုပြန်မဖြေနိုင်ဖြစ်လာကြဖန်များတော့ ကျွန်တော်တို့ ငမူးတစ်သိုက်ထဲက ကြွက် တစ်ယောက်လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်..
ဒူးလေးနှစ်ချောင်ထောင်ပြီးလက်ကလေးပိုက်တင်ထားရာက   
အခြားသူငယ်ချင်းတွေဘက်ကို ပေစောင်းစောင်းလှည့်ကြည့်ပြီး ပြန်မဖြေရဲကြလို့သိပ်မကြည်တဲ့ပုံလုပ်နေပါပြီ..
(ပြောမယ့်သာပြောတာ ကြွက် က ကွင်းဆင်းဘူမိဗေဒအပိုင်းမှာတော့ တော်တော်နှံ့စပ်သည်)
ဒီလိုနဲ့ဆရာက နောက်နေ့ကွင်းဆင်းရင်း Tape and Compass Traverse လုပ်ရမည်ဖြစ်ကြောင်းပြောနေသည်..
မနက်ဖြန်..Tape and Compass တိုင်းတဲ့အခါမှာ စစချင်းဘာလုပ်ရမလဲ
အားလုံးကလည်း ဆရာမေးတာကိုဘာစဖြေရမလဲစဉ်းစားနေချိန်က နည်းနည်းလေးကြားလာသည်..
ကြွက်လည်းစိတ်မရှည်နိုင်တော့ ..ပေစောင်းပေစောင်းလုပ်လာသည်..
အဖြေပေးမည့်သူလဲမရှိသေး..ဆရာကတစ်ခေါက်ထပ်မေးသည်..
ကြွက်..လက်တစ်ဖက်မြောက်သွားသည်..ငမူးတစ်သိုက်တအံ့တသြ..ဆရာကလှမ်းကြည့်သည်..မျှော်လင့်ချက်အပြည့်..
 ဆရာ..Tape and Compass တိုင်းဖို့အတွက်..အရင်ဆုံး..
 ခနရပ်သွားပြီး ကမန်းကတန်း လေချဉ်လေးတက်လိုက်သေးသည်..အေ့..
 အရင်ဆုံး..ခြင်ထောင်ကြိုးတွေဖြုတ်ရပါမယ်ဆရာ..
 အားလုံးမင်သက်ငေးမော..
ထိုစဉ်မှာပဲ အားလုံးသောကျောင်းသားများကိုတချက်ဝှေ့ကြည့်လိုက်ရင်း..ကြွက်က..
 ဟား..ဟုတ်တယ်လေကွာ..ဒီခြင်ထောင်ကြိုးတွေမဖြုတ်ပဲ ဘယ် Tape နဲ့တိုင်းမှာတုံး..
 ဆိုပြီးထိုင်ချလိုက်ပါတော့တယ်..ဆရာတောင်ပါးစပ်အဟောင်းသားဖြစ်လို့..။     

ဇေထက်
ညနေ ၆ နာရီ ၃၇ မိနစ်
၂၂၊ ၈၊ ၂၀၁၁

Sunday, August 14, 2011

အလည်လာတဲ့သူငယ်ချင်း...

ကံအားလျော်စွာပဲ..သူငယ်ချင်းတွေအတော်များများနိုင်ငံခြားထွက်ပြီးအလုပ်လုပ်နေချိန်မှာ..ရန်ကုန်မှာပဲနေပြီး..
Geologyတတ်သလောက်လေးနဲ့ သတ္တုရှာဖွေတိုင်းတာရေးအလုပ်ကလေးတစ်ခုကို ဆရာတစ်ယောက်ရဲ့အရိပ်ကိုခိုပြီးလုပ်နိုင်ခဲ့ပါတယ်..
ရန်ကုန်မှာကျန်ခဲ့တဲ့သူငယ်ချင်းအနည်းစုထဲကတစ်ယောက်အဖြစ်ပေါ့..
ကျောင်းတက်ခဲ့စဉ်တုံးက..ကမျင်းခဲ့တဲ့..ကျေးဇူးပဲလို့ထင်ပါတယ်..သူငယ်ချင်းတော်တော်များများနဲ့ အဆက်အသွယ်မပြတ်ခဲ့ပါဘူး..စလုပ်ခါစကလဲဆရာ့ရုံးခန်းရှိရာ..
ဒဂုံစင်တာမှာအခြေချတာဆိုတော့ဆက်သွယ်ရတာလဲလွယ်ကူတာတပိုင်းပေါ့..
ရောက်ရောက်လာတတ်တဲ့သူငယ်ချင်းတွေအကြောင်းစဉ်းစားမိတိုင်း အမှတ်တရဖြစ်စရာ အလည်လာတဲ့သူငယ်ချင်းတွေ..အကြောင်းသတိရမိပါတယ်..
...
...
ကျောင်းတောင်မပြီးသေးပါဘူး..(အားလုံးဘွဲ့ရပြီး မဟာဆက်တက်တဲ့ ၆ ယောက် ၇ ယောက်လောက်ပဲကျန်တဲ့အချိန်)..
အဲဒီတုန်းက အလုံကဘော်ဒါဆောင်မှာနေရတုံး..ရောက်လာတတ်တဲ့သူငယ်ချင်းတွေထဲမှာ..
နွားကြီးခေါ်လာတတ်တဲ့သူငယ်ချင်းတွေကပိုပြီးအမှတ်ရစရာပါ..
....
....
(တချို့စာရေးတဲ့အခါမှာ..အကုန်လုံးရေးပြီးနောက်ဆုံးမှ တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ ဆိုတာမျိုးမဖြစ်ချင်လို့..
အကြောင်းအစပ်သင့်လို့ဒီစာထဲမှာပါခွင့်ရသူတွေ အခုရေးလိုက်တာတွေဟာ နာစရာတွေနဲ့ရေးတာမျိုးမဟုတ်ကြောင်း ပြောထားချင်ပါတယ်)
...
...
မှတ်မှတ်ရရ..နွားကြီးနဲ့..မောင်မောင်နဲ့..ခေါ်လာတာပါ..

ဇေကြီးရေ..ဒီကောင်ကကွာ..နောက်တစ်ပါတ်ကို..ကာတာသွားမှာ..အဲဒါအိမ်ကလိုက်ပို့မဲ့သူတွေလာဖို့..
နောက်..တည်းဖို့စားဖို့..ပိုက်ဆံလိုနေလို့ကွာ..အဲဒါ..


ကိုယ်တောင်ကျောင်းစရိတ်မနည်းရှာနေရချိန်မှာဒီစကားမျိုးကတော်တော်လန့်ဖို့ကောင်းတာအမှန်ပါပဲ..

အဲဒါ..မြေလေးပေါင်ပြီး..လုပ်မလို့ကွာ..ထွန်းထွန်းလင်းလဲမရှိဘူး..အကြည်လဲမရှိဘူး..ကြက်ဖဆီသွားမလို့..
မင်းလိုက်ခဲ့အုံး..

အော်..ဒါမျိုးကတော့လိုက်တာပေါ့..ဘယ်ရမလဲ..ပါးစပ်ကလေးစိုက်ရတာကိုး..ဒီလိုနဲ့လိုက်သွားလိုက်တာ..
ဟိုရောက်တော့ကြက်ဖကလဲမချေးနိုင်ဘူးပေါ့.. ဒါနဲ့ပဲပြန်လာပြီး..ဒီကောင်ဘယ်ပြန်မလဲဆိုတော့.
နောက်ဆုံး..အလုံအဆောင်မှာပဲသိပါလိုက်ရပါတယ်..သူကလဲငိုမလိုဖြစ်နေတော့ အားပေးလိုက်ရပါတယ်..
နောက်နေ့ကျောင်းသွားရတော့သူ့ကိုနွားကြီးဆီပဲပို့လိုက်ရပါတယ်..နွားကြီးလဲ..နှစ်သိမ့်ပြီးပြန်သွားပါတယ်..
ပြောသွားတာလေးတော့ရှိပါတယ်..

မင်းတို့တွေကိုမမေ့ပါဘူးကွာ..ငါဟိုရောက်လိုအခြေအနေမင်းတို့ဆီပြန်ပြီးမေးလ်ပို့လိုက်မယ်..

အချိန်တော်တော်ကြာအထိသူအဆင်ပြေပါ့မလားဆိုတာစိုးရိမ်တကြီးစောင့်နေမိပါသေးတယ်..
အခုအချိန်ထိဆက်သွယ်လာခြင်းလုံးဝမရှိတော့ပါဘူး..သူ့ဆီကတစ်ခုခုကိုမျှော်ပြီးစောင့်နေတာမျိုးမဟုတ်ပါဘူး..
သူငယ်ချင်းတစ်ယောက်အဆင်ပြေပါ့မလားဆိုတဲ့စိတ်နဲ့ပါ..
တခြားသူတွေဆီကနေတဆင့်အဆင်ပြေတယ်ဆိုတာလေးကိုယ့်ဘာသာကိုစုံစမ်းပြီးသိလိုက်ရတဲ့..
အလည်လာတဲ့သူငယ်ချင်းတစ်ယောက်ပါပဲ..
...
...
ဒီလိုပါပဲ..တစ်ခုသောနွေနေ့ခင်းမှာ..သူငယ်ချင်းတစ်ယောက်ရောက်လာခဲ့ပါတယ်..
အလုံကဘော်ဒါဆောင်ကိုပဲရောက်လာတာပါ..ကျောင်းတက်စဉ်ကအရမ်းခင်တဲ့သူတစ်ယောက်မဟုတ်ပေမယ့်..
သူငယ်ချင်းတစ်ယောက်ပါပဲ..

ငါအိမ်ပေါ်ကဆင်းခဲ့တာကွာ..

ဗုဒ္ဓေါ..အိမ်ပေါ်ကဆင်းလာပြီး..ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုရောက်လာတာပါလား..(အဲဒီတုန်းကသူပြောတာတော့..မေမြို့ကအိမ်ကနေဆင်းလာတာဆိုပဲ) ကိုယ်တောင်တစ်ကိုယ်စာကုတင်လေးနဲ့နေရတာ..အဆောင်မှာ..

ခိုင်သင်းကြည်ကတော့..သူ့ကုမ္ပဏီကဟိုတယ်မှာ..အလုပ်သွင်းပေးမယ်ပြောတယ်..
အဲဒါမရခင်စပ်ကြားတစ်ခုခုစီစဉ်ပေးပါကွာ..

အင်း..ဒီတစ်ခါတော့ကိုယ့်အလှည့်ပဲလေ..ဆိုပြီး..နွားကြီးဆီခေါ်သွားလိုက်ပါတယ်..
နွားကြီးဆိုင်ရောက်တော့..နွားကြီးလဲချွေးတပြန်ပြန်နဲ့..ဖုန်းတွေဆက်ရတော့တာပါပဲ..
သူဆိုင်မှာကလဲစားပွဲထိုးလေးတွေနဲ့တင်ပြည့်နေတာကိုး.
နောက်ဆုံးထွန်းထွန်းလင်းရဲ့ကားဝင်းထဲမှာနေခွင့်ရသွားပါတယ်..ဘာတွေပါလဲပေါ့..အိပ်ရာလိပ်..ဘာညာမေးတော့မပါ..
နွားကြီးခမျာ..သူ့ဆိုင်မှာသူစောင့်အိပ်ရတဲ့အခါ..ခြုံတဲ့စောင်လေးထုတ်လာပြီးတော့.. ငါ့လဲဒါပဲပေးနိုင်တယ်ကွာဆိုပြီးပေးရှာပါတယ်..
လခထုတ်ပြီးခါစဆိုတော့..ခြင်ထောင်မရှိရင်ထွန်းအိပ်ကွာဆိုပြီး ခြင်ဆေးခွေတစ်ဘူး..ဖယောင်းတိုင်ထုတ်လေးတွေနဲ့..
မုန့်စားစရာလေးတွေပေးပြီးလှိုင်သာယာကထွန်းထွန်းလင်းခြံထဲလိုက်ပို့လိုက်ရတော့..ရင်ထဲမှာမကောင်းရပြန်ပါဘူး..

နောက်သိပ်မကြာပါဘူး..ထွန်းထွန်းလင်းဆီမှာဆက်နေဖို့အခက်အခဲရှိလာပြန်တယ်..အကြည့်ဆီမေးပြန်တော့..
သူတို့ဟိုတယ်ကပြီးတောင်မပြီးသေး..(အခုထိလဲမဖွင့်ဖြစ်သေးပါဘူး..)
နောက်ဆုံးတော့ ကြက်ဖဆီသွားပြီးပြောတော့သူဆီမှာအလုပ်လဲရ..နေစရာလဲအဆင်ပြေ..
စားဖို့ကတော့နေ့ခင်းဆိုရှူတင်ထမင်းပေါ့..နောက်ဆုံးတွဲဖက်ဒါရိုက်တာတောင်ဖြစ်သွားရတယ်..

သူနဲ့ကတော့အလုပ်ချင်းနီးစပ်နေတော့တွေ့ဖြစ်တယ်ပေါ့..(နီးစပ်တယ်ဆိုတာကလဲ..အဲဒီတုန်းကကျောင်းတက်တုန်းမှာ..ကျောင်းစရိတ်+အရက်ဖိုးလေးရအောင်ဆိုပြီး..
ကြက်ဖရဲ့ဇာတ်ကားတစ်ချို့မှာ ဒိုင်ယာလော့လေး..ဇာတ်ညွှန်းလေးရေးတာပါ..)
တစ်ညမှာတော့..ပြီးတဲ့ဇာတ်ညွှန်းလေးသွားပေးမယ်ဟဲ့ဆိုပြီး..ကြက်ဖဆီရောက်လာခဲ့ပါတယ်..
မင်းသားကဧည့်သည်တွေနဲ့ခြံထဲမှာ ဧည့်ခံနေတော့..သူဧည့်ခန်းထဲမှာထိုင်ပြီးစောင့်နေခဲ့ပါတယ်..
ခဏနေတော့ ကြက်ဖရဲ့အမရောက်လာပြီး သူ့မောင်ဆိုးတဲ့အကြောင်းတွေ ပြောပြီး မနေ့တစ်နေ့စီက ဖြစ်တဲ့ပြသနာတစ်ခုကိုပြောတော့ ခုနသူငယ်ချင်းဟာ ငါ့နောက်ကိုရောက်လာပြီး
အမကို အဲဒီကိစ္စငါမသိသေးကြောင်း..မပြောနဲ့ဆိုတာကိုလက်ရိပ်လက်ခြေနဲ့ပြတော့တာပဲ..
ငါမျက်နှာမူထားတဲ့ပြတင်းတံခါးမှန်မှာလာပေါ်နေတဲ့သူအရိပ်ဟာ..ငါအတွက်တုန်လှုပ်စရာပါပဲ..
အဲဒီနောက်မှာပေးစရာရှိတာလေးတွေပေးခဲ့ပြီးပြန်လာခဲ့ပါတယ်..အဲဒီနောက်မှာတော့ဘာဇာတ်မှမရေးဖြစ်တော့ပါဘူး..

နောက်ပိုင်းမှာ နွားကြီးက ဒီသူငယ်ချင်းရဲ့အမေဟာ မေမြို့မှာမဟုတ်ပဲ ရန်ကုန်မှာပဲနေကြောင်း၊ တမင်ညာပြောသွားတာဖြစ်ကြောင်းလာပြောပြတော့ သိပ်အထူးအဆန်းမဟုတ်သလိုပဲနေပြလိုက်ပါတယ်..

အဲဒီအချိန်မှာခံစားရတာတွေဟာ..အချိန်ကာလအတော်ကြာအထိ ပြန်သတိရမိနေပါတယ်..
ဒါပေမယ့်..တလောဆီကအဲဒီသူငယ်ချင်းရဲ့ နောက်ဆုံးခရီးကိုလိုက်ပို့ရချိန်မှာတော့..ရင်ထဲမှာထားခဲ့မိတဲ့..
မကောင်းမြင်စိတ်ကို ကိုယ်ကိုတိုင်ရွံရှာမိရင်းအမျှဝေနေမိခဲ့ပါတယ်..

တရုတ်ကြီးရေ..အမျှ..အမျှ..အမျှ..ပါသူငယ်ချင်း..

သူကတော့..လူ့ဘ၀ဧည့်ခန်းကြီးကိုပါ..အလည်လာသွားတဲ့သူငယ်ချင်းပါပဲ..
...
...
ဒီနေ့အထိလည်းသူငယ်ချင်းတွေအလည်လာနေဆဲပါပဲ..
ငါ..ဖြစ်ပေါ်နေတဲ့ခံစားချက်အတိုင်းတုံ့ပြန်ရင်းလာလည်တဲ့သူငယ်ချင်းတွေကိုဧည့်ဝတ်ပြုနေဆဲပါပဲ..
တစ်ခါတစ်လေရောက်လာကြတယ်..ပျော်စရာလေးတွေပြောကြ..ပျော်ကြ..
ဝမ်းနည်းစရာတွေပြောကြ..၀မ်းနည်းကြ.ပေါ့..
သူငယ်ချင်းတွေပုံစံအမျိုးမျိုးနဲ့ရောက်လာကြပါတယ်..
တစ်လောတုန်းကလည်း..
...
...
တို့တွေကျောင်းသားဘ၀တုန်းက ကျောင်းတက်ရင်းအလုပ်လုပ်ကြတဲ့သူတွေရှိတယ်လေ..
အဲဒီအထဲက ဘဓရ မှာဝန်ထမ်းဝင်လုပ်ရင်းကျောင်းလာတက်နေတဲ့ သူတစ်ယောက်ရှိတယ်..
သူမှာလေးဘက်နာရောဂါလေးလဲရှိတယ်..
ဒီလိုနဲ့ပဲကျောင်းတွေပြီးသွားကြတော့ ဘဓရထဲကိုဝင်သွားတဲ့သူတွေရှိတယ်..
အချို့ကပြန်တောင်ထွက်လာကြပြီ..
ကျန်နေသေးတဲ့သူတွေမေးပြန်တော့လည်း ဒီကောင်က လုပ်သက်သာများနေတာ ရာထူးကကျောင်းတုန်းကအတိုင်း..
ဒီလိုနဲ့..သူတို့အထက်အရာရှိတွေနဲ့လုပ်ငန်းချင်းဆက်စပ်နေလို့ပြောရင်းဆိုရင်း သူအကြောင်းမေးမိပြန်တော့..

ခင်ဗျားတို့သူငယ်ချင်းလား..

ဆိုပြီးပြုံးသဲ့သဲ့လုပ်ကြရင်း..သူရာထူးမတက်ရတဲ့အကြောင်းသိရပြန်ပါတယ်..
အလုပ်ကိုအသိပေးအကြောင်းမကြားပဲကျောင်းတက်တာဟာတရားမ၀င်သလိုဖြစ်နေတယ်ပေါ့..
ဒီလိုနဲ့ပဲ..သူကျောင်းသားဘ၀တုံးကတဲကအနေအထားနဲ့ရှင်သန်နေရမယ့်အဖြစ်ကိုစာနာနေရုံကလွဲလို့..
ငါလဲဘာမှမလုပ်ပေးနိုင်တာပဲလေ..လို့

တစ်နေ့မှာတော့..
ရုံးကိုဖုန်းဆက်လာပါတယ်..ဖုန်းကိုင်တဲ့ညီငယ်တစ်ဦးက..သူနာမည်ကိုပြောရင်း အစ်ကိုပြောမလားလို့ဆိုလာချိန်မှာ..လေးလံတဲ့စိတ်နဲ့ပဲလက်ခံပြောလိုက်မိပါတယ်..

သူငယ်ချင်း..မင်းတို့ရုံးလိပ်စာလေးသိချင်လို့..ငါလာချင်လို့..

ဆိုပြီးမေးလာတော့ ပြောပြလိုက်ပါတယ်..မကြာပါဘူး..ညနေပိုင်း..၅နာရီလောက်ရောက်လာပါတယ်..
ဧည့်ခန်းထဲမှာထိုင်စောင့်နေတဲ့သူကိုထွက်တွေဘို့တော်တော်လေးအားယူလိုက်ရပါတယ်..
ဘာတွေများအကူအညီတောင်းမလို့လဲဆိုတဲ့စိုးစိတ်တွေဟာ..သူထပြန်သွားတဲ့အချိန်မှာပဲ..
ဝမ်းနည်းရှက်ရွံ့စိတ်ကိုပြောင်းလဲသွားခဲ့ပါတယ်..
အခြားခြားသောသူငယ်ချင်းတွေရဲ့အကြောင်းတွေမေးပြီး..
သူ့အတွက်ဧည့်ခံပေးထားတဲ့..ကော်ဖီကိုကတုန်ကရင်နဲ့သောက်ပြီး..
နွမ်းလျတဲ့သူသွင်ပြင်ဆီကနေလွင့်ထွက်လာတဲ့..

မင်းတို့တွေဒီလိုအောင်မြင်နေကြတာကိုတွေ့ရတာဝမ်းသာပါတယ်ကွာ..

ဆိုတဲ့စကားသံဟာတော်တော်ကြာကြာထိအနီးအနားမှာကျန်ခဲ့ပါတယ်..
...
...
ဖြတ်သန်းလာခဲ့တဲ့ကာလအပိုင်းအခြားတွေ..
ပါတ်ဝန်းကျင်အခြေအနေတွေပေါ်မှာမူတည်ပြီး..
သတ်မှတ်ထားတဲ့အဓိပ္ပါယ်တွေဟာ..အမျိုးမျိုးပြောင်းလဲလာခဲ့ပါတယ်..
...
...
သူငယ်ချင်းဆိုတာကိုတော့ ကြိုတင်ပြီးအဓိပ္ပါယ်မဖွင့်ဆိုတာအကောင်းဆုံးပါပဲ..
...
အထူးသဖြင့်..လာလည်တဲ့သူငယ်ချင်းတွေကိုပေါ့..။      ။

ဇေထက်
၁၄၊၈၊၂၀၁၁။
ညနေ ၅ နာရီ ၃၂ မိနစ်