Geology '95 Intake (Dagon University)
ကျောင်းသားကျောင်းသူဟောင်းများနဲ့တကွ ဘူမိဗေဒနဲ့ဆက်နွယ်သူအားလုံးအတွက်...အလွမ်းပြေ..အပန်းပြေ..ဗဟုသုတရ..

Tuesday, December 11, 2012

သတ္တုလုပ်ငန်းဖွံ့ဖြိုးဖို့တကယ်လုပ်မယ်ဆိုရင်ဖြင့်..(၂)


ပြီးခဲ့တဲ့ စာအမှတ်(၁) မှာသတ္တုတူးဖော်ထုတ်လုပ်ရောင်းချမှုလုပ်ငန်းစဉ်ကြီးတစ်ခုလုံးရဲ့လုပ်ငန်းအဆင့်တစ်ခု ချင်းစီအလိုက်လုပ်ဆောင်ကြရာမှာကြာချိန်နှင့်ရင်းနှီးမြှုပ်နှံမှုပမာဏတွေကိုဖော်ပြခဲ့ပါတယ်..  နိုင်ငံတကာမှာ ကျခံသုံးစွဲနေကြတဲ့ ငွေကြေးပမာဏတွေကိုလေ့လာပြီး မြန်မာနိုင်ငံမှာ တရားဝင်ချုပ်ဆိုနေကြတဲ့အသေးစား သတ္တုတူးဖော်ရေးအကျိုးတူစာချုပ်တွေမှာပါတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏတွေကိုချင့်ချိန်ကြည့်နိုင်စေဖို့ဆိုတဲ့ စိတ်ကူး နဲ့ရေးသားခဲ့တာပါ.. တရားဝင်ဖော်ပြထားတဲ့ရင်းနှီးမြှုပ်နှံမှုပြင်ပမှာရှိတဲ့ရင်းနှီးမြှုပ်နှံငွေတွေဟာ အလိုလိုများ တရားမ၀င်ဖြစ်နေသလားဆိုတာကိုကိုယ့်ကိုကိုယ်ပြန်မေးရင်းဆင်ခြင်သုံးသပ်ကြပါစေ ဆိုပြီးရေးခဲ့ပါတယ်.. နောက်တစ်ခုကတော့ ကာလအပိုင်းအခြားပါ.. နိုင်ငံတကာမှာသတ္တုသိုက်တစ်ခုကို ရှာဖွေဖို့ ယူတဲ့အချိန်ကာလ တွေ့လာပြန်တော့လဲ ဘယ်လိုတူးဖော်မလဲ.. ဘယ်လိုသန့်စင်မလဲ.. ဘယ်လိုကြိုချက်မလဲ.. ဘယ်လိုရောင်းချမလဲ.. အဲဒီလုပ်ငန်းစဉ်တွေတစ်လျှောက်လုံးပါတ်ဝန်းကျင်နဲ့ လူမှုဘ၀တွေကို ဘယ်လိုကာကွယ် စောင့်ရှောက်မလဲ.. လုပ်ငန်းအားလုံးပြီးသွားရင်ဘယ်လိုပြန်ပြီး ပါတ်ဝန်းကျင်ကိုပြန်ကုစားမလဲ..စတဲ့အစီအမံ တွေချဖို့ကာလတွေဘယ်လောက်ယူသလဲဆိုတာ ကိုဖော်ပြခဲ့ပါတယ်.. ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ စမ်းသပ်ရှာဖွေမှုကာလကို ၆ လလောက်အထိပဲပေး ဖွံ့ဖြိုးရေးကာလကိုအဆင်ပြေသလိုလုပ်နေကြတာကိုတွေ့ နေရပါတယ်..ဒါကတော့အသေးစားတူးဖော် ထုတ်လုပ်ခွင့်ကိုလို့ပြောမယ်ဆိုရင်ပြောနိုင်ပါတယ်.. ဒါပေမယ့် ခုနပြောခဲ့တဲ့ အသေးစားဆိုတဲ့ category ထဲကနေလွတ်ပြီး အကြီးစားဆန်ဆန်လုပ်နေကြတာမျိုးကို လက်ညှိုး ပြန်ထိုးပြချင်ပါတယ်.. အသေးစားပဲလုပ်လုပ် .. အကြီးစားပဲလုပ်လုပ်..လုပ်သင့်လုပ်ထိုက်တဲ့အဆင့်တိုင်း ကိုမလုပ်ပဲ  ငွေဝင်ရင်ပြီးရောဆိုတဲ့ စဉ်းစားပုံမျိုးနဲ့ပဲလုပ်နေရင် သတ္တုလုပ်ငန်းဆိုတာအင်မတန်အန္တရာယ် များ တဲ့ ကိစ္စဆိုတာကိုသိစေချင်ပါတယ်.. ဒါကြောင့်မို့ နိုင်ငံတကာကိုယှဉ်ထိုးလေ့လာပြီးပြုပြင်စေနိုင်ဖို့ရေးသားခဲ့တာပဲ ဖြစ်ပါတယ်..

ဒီစာအမှတ် (၂) မှာတော့ သတ္တုစမ်းသပ်ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကြီးတဲ့မှာပါဝင်တဲ့ player တွေကိုဖော်ပြရင်း ကျွန်တော်တို့မြန်မာနိုင်ငံသတ္တုဆိုင်ရာ စီမံကွပ်ကဲဆုံးဖြတ်ရသူများကို စဉ်းစားစရာလေးတွေ ထပ်ပြီးမိတ်ဆက်ပေးချင်ပါတယ်..
တကယ်တော့သတ္တုရှာဖွေတူးဖော်ရေးလောကထဲမှာ တစ်ဦးတစ်ယောက်ချင်းစီသတ္တုရှာဖွေနေသူကစလို့ ကြီးမားတဲ့ နိုင်ငံသားမျိုးစုံပါဝင်တဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ကုမ္ပဏီကြီးတွေအထိပါဝင်လို့နေပါတယ်.. အဲဒီတစ်ခုချင်းစီဟာလဲသတ္တုသိုက်တစ်ခုရှာဖွေတွေ့ရှိခြင်းကနေထုတ်လုပ်ခြင်းဆိုတဲ့ရှည်လျားတဲ့လမ်းမကြီးမှာ အရေးပါတဲ့နေရာမှာရှိနေကြပါတယ်.. ဒီလမ်းမကြီးပေါ်က ပထမဆုံး player ကတော့ prospector လို့ခေါ်တဲ့ စူးစမ်းရှာဖွေသူများပါပဲ..
(၁) စူးစမ်းရှာဖွေသူများ (Prospectors)
သူတို့ဟာ တန်ဖိုးရှိတဲ့ သတ္တုသိုက်တွေကို စတင်တွေ့ရှိသူတွေဖြစ်ကြပြီး ယေဘုယျအားဖြင့် တစ်ဦးတစ်ယောက် တည်း ဒါမှာမဟုတ် အဖွဲ့ငယ်လေးတစ်စုအဖြစ် လုပ်ကိုင်လေ့ရှိပါတယ်.. ရိုးရှင်းတဲ့ ပစ္စည်းကိရိယာတွေအလွယ်တကူသယ်နိုင်တဲ့ရှာဖွေရေးပစ္စည်းတွေနဲ့  ခြေလျင်လျှောက်စူးစမ်းရှာဖွေ သူတွေလဲဖြစ်ပါတယ်..စူးစမ်းရှာဖွေသူတွေဟာသင်ကြားမှုအနည်းငယ်သာရရှိခဲ့သူတွေဒါမှမဟုတ် ပုံမှန်သင်ကြားမှုမျိုးမရရှိခဲ့ဘူးသူတွေသာဖြစ်လေ့ရှိပါတယ်..သူတို့မှာရှိတဲ့အရည်အချင်းတွေကတော့   ကျောက်တွေ တွင်းထွက်တွေကို နှစ်ပေါင်းများစွာ တွေ့ထိခဲ့တဲ့လက်တွေ့အတွေ့အကြုံတွေမျိုးပဲဖြစ်ပါတယ်.. သူတို့တွေဟာ ဘယ်နေရာမှာ ဘယ်လိုရှာဖွေမှုပြု ရမယ်ဆိုတာကိုကောင်းစွာသိတဲ့သူတွေဖြစ်ပြီး ဇွဲကြီးကာအလွယ်တကူလက်လျှော့တတ်တဲ့သူမျိုးတွေမဟုတ်ကြပါဘူး..သူတို့တွေရဲ့လက်နက်ကိရိယာတွေ ကတော့ပုံမှန်အားဖြင့် သူတို့အလွယ်တကူသယ်ယူသွားနိုင်လောက်တဲ့တူ၊ ပေါက်ချွန်းနဲ့လက်ကိုင် မှန်ဘီလူးစတာတွေပဲဖြစ်ပါတယ်..စူးစမ်းရှာဖွေသူအများစုဟာ သူတို့ရဲ့ကိုယ်ပိုင်ငွေကြေးတွေကိုသုံးစွဲပြီး လုပ်ငန်းဆောင်ရွက်လေ့ရှိပါတယ်..  သူတို့ဟာ အကျိုးအမြတ်ဖြစ်ထွန်းဖွယ်ရှိတဲ့နေရာကိုတွေထားတဲ့အခါ မှတ်သားထားပြီး ပိုမိုကြီးမားတဲ့ကုမ္ပဏီကို ဆက်သွယ်ပြီးဒီမြေနေရာကိုရွေးချယ်လုပ်ဆောင်ဖို့ ဆွဲဆောင်ရောင်းချလေ့ရှိပါတယ်.. ဒါ့အပြင် သတ္တုတွင်း ကုမ္ပဏီတွေဟာသူတို့ရဲ့စမ်းသပ်ရှာဖွေရေး လုပ်ငန်းစီမံကိန်းတွေမှာလုပ်ဆောင်ဖို့အတွက်စူးစမ်းရှာဖွေသူတွေကိုရံဖန်ရံခါမှာငှားရမ်းသုံးစွဲလေ့ရှိပါတယ်..  စူးစမ်းရှာဖွေသူတစ်ဦးဟာတစ်နှစ်တစ်နှစ်ကို ဒေါ်လာ၁၀၀၀ကနေ ဒေါ်လာ၁၀၀၀၀ လောက်ထိ သုံးစွဲလေ့ရှိပါတယ်..
နောက် player တစ်ခုကတော့ Junior Exploration Company တွေပါပဲ..

(၂) ဂျူနီယာ ခေါ် သတ္တုစမ်းသပ်ရှာဖွေရေးကုမ္ပဏီငယ်များ (Junior Exploration Companies or the Juniors )
ဒီနေရာမှာ ဂျူနီယာ ရဲအဓိပါယ်ကတော့ သတ္တုသိုက်တွေစမ်းသပ်ရှာဖွေရေး ( Exploration) သက်သက်ကိုသာ အာရုံစိုက်လုပ်ဆောင်လေ့ရှိပြီး သတ္တုတွင်းတူးဖော်ရေးလုပ်ဆောင်မှုမလုပ်တဲ့ ကုမ္ပဏီမျိုးကိုဆိုလိုတာပဲဖြစ်ပါ တယ်.. သတ္တုစမ်းသပ်ရှာဖွေးရေးဆိုင်ရာစီးပွားရေးလုပ်ငန်းမှာ ဒီလို ဂျူနီယာတွေဟာ မရှိမဖြစ် အရေးပါတဲ့ ကဏ္ဍကပါဝင် နေပါတယ်.. လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ အဓိကအသစ်ရှာဖွေတွေ့ရှိမှုတွေကို လုပ်ဆောင်ခဲ့ကြတာ ဒီလိုကုမ္ပဏီမျိုးတွေကပဲ ဖြစ်ပါတယ်.. ဒီကုမ္ပဏီတွေဟာ စွန့်စားမှုများတဲ့ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုမျိုးရှိတဲ့ကုမ္ပဏီတွေလဲဖြစ်ကြပါတယ်.. ဒါကြောင့်မို့လဲ ကနေဒါက  သြစတြေးလျကလို အရင်းအနှီး ဈေးကွက်မျိုးတွေမှာ အရေးပါတဲ့နေရာမှာရှိတဲ့ ကုမ္ပဏီတွေဖြစ်နေပါတယ်..
ဂျူနီယာတွေရဲ့ ၀ိသေသလက္ခဏာတွေထဲကအချို့ကတော့
  • သူတို့ဟာစတော့အိတ်ချိန်းတွေမှာ public listed စာရင်းသွင်းထားတဲ့ ကုမ္ပဏီမျိုးတွေဖြစ်ပါတယ် ( private ကုမ္ပဏီတွေအနေနဲ့ စမ်းသပ်ရှာဖွေရေးကုမ္ပဏီ အချို့ရှိပေမယ့် အဲဒီထဲကမှ အများစုဟာ စတော့ အိတ်ချိန်းတွေမှာစာရင်းဝင်ကုမ္ပဏီတွေဖြစ်ဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်)
  • သူတို့မှာလည်ပတ်နေတဲ့သတ္တုတွင်းတွေမရှိသလို အဲဒီကနေရတဲ့အမြတ်ဆိုတာလဲမရှိပါဘူး 
  • သူတို့ဟာသေးငယ်တဲ့အရွယ်အစားရှိကုမ္ပဏီတွေဖြစ်ပြီး ၀န်ထမ်းအင်အား ၅ ယောက်ကနေ ၃၀ လောက်အထိပဲရှိတတ်ပါတယ်.. နှစ်စဉ်အသုံးစရိတ်အနေနဲ့ ဒေါ်လာ၂သိန်းခွဲလောက်ကနေ   ဒေါ်လာ ၅ သန်းကျော်လောက်ထိသုံးစွဲလေ့ရှိပါတယ်.. စမ်းသပ်ရှာဖွေမှုပြုနေစဉ်ကာလမှာတော့ ၀န်ထမ်း ၁၀၀ ကျော် လောက်ထိဖြစ်လာတတ်ပြီး အသုံးစရိတ်ဟာလဲ ၁၀ သန်းကျော်လောက်ထိကိုရောက်လာတတ် ပါတယ်.. လိုအပ်ရင်လိုအပ်သလို ကွင်းဆင်းဆောင်ရွက်မှုအတော်များများကို ကန်ထရိုက်စနစ်နဲ့ လုပ်ဆောင်စေတာမျိုးကိုလဲ အခြေအနေတော်တော်များများမှာတွေ့ရပါတယ်..
ဂျူနီယာတွေရဲ့ စီမံအုပ်ချုပ်မှုနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ငွေကြေးဆိုင်ရာ၊ စာရင်းအင်းဆိုင်ရာ နှင့် ဥပဒေရေးရာ နားလည်တဲ့ စီးပွားရေးကျွမ်းကျင်သူတွေနဲ့ ဘူမိဗေဒ နှင့် သတ္တုတူးဖော်ရေးဆိုင်ရာနားလည် တတ်ကျွမ်းတဲ့ နည်းပညာကျွမ်းကျင်သူတွေပူးပေါင်းဆောင်ရွက်လေ့ရှိပါတယ်..ယေဘုယျအားဖြင့် အောင် မြင်တဲ့ ဂျူနီယာ ကုမ္ပဏီမျိုးတွေဟာ အခွင့်အလမ်းတွေကို သိရှိနိုင်တဲ့သူ၊ အဲဒီအခွင့်အလမ်းတွေအတွက် အရင်းအနှီးရှာဖွေထည့်ဝင်နိုင်တဲ့သူ၊ အကျိုးဖြစ်ထွန်းစေတဲ့ စမ်းသပ်ရှာဖွေရေးအစီအစဉ်တွေလုပ်ဆောင်နိုင်တဲ့သူစတဲ့အတတ်ပညာရှင်နဲ့စီးပွားရေးကျွမ်းကျင်သူတွေပေါင်းစပ်ဖွဲ့စည်းထားတဲ့ကုမ္ပဏီမျိုးတွေပဲဖြစ်ပါ တယ်..ဂျူနီယာတွေဟာ ကျယ်ပြန့်စုံလင်တဲ့ စမ်းသပ်ရှာဖွေမှုနယ်ပယ်တွေမှာ ၀င်ရောက်လုပ်ကိုင်ကြပေမယ့် စတင် လုပ်ဆောင်စဉ်ကတည်းက  ရှာဖွေတွေ့ရှိမှုကြီးတစ်စုံတစ်ရာဖြစ်လာနိုင်တဲ့ အလားအလာကောင်းတွေရှိတဲ့ အခြေခံအဆင့်ကအစပြုပြီးလုပ်ဆောင်ရတယ်စမ်းသပ်ရှာဖွေမှုနယ်ပယ်တွေမှာ ပိုပြီးနှစ်သက်လုပ်ဆောင် လေ့ရှိပါတယ်..
နောက်ထပ်တွေ့ရတဲ့ player တွေကတော့  Major တွေလို့ခေါ်တဲ့ အလယ်အလတ်နဲ့စီနီယာအဆင့် သတ္တုတူးဖော်ရေးကုမ္ပဏီတွေ ပါပဲ..

(၃) မေဂျာ ခေါ် အလယ်အလတ် နှင့် စီနီယာအဆင့် သတ္တုတူးဖော်ရေးကုမ္ပဏီများ (Intermediate and Senior Mining Companies or the Majors)
မေဂျာတွေဟာ သတ္တုတွင်း တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ သတ္တုတွင်းတွေ တူးဖော်လုပ်ကိုင်နေတဲ့သူ တွေဖြစ်ပါတယ်.. သူတို့ဟာ အရွယ်အစားငယ်တဲ့သတ္တုတွင်းတစ်ခုကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကနေ နိုင်ငံပေါင်းစုံကသတ္တုတွင်းများစွာပိုင်တဲ့ ကုမ္ပဏီကြီးတွေထိပါဝင်ပါတယ်.. သတ္တုတွင်းစီးပွားရေးနယ်ပယ်မှာ အခြား player တွေထက် စမ်းသပ်ရှာဖွေရေးဘတ်ဂျက်ပိုများပြီး နှစ်စဉ်အသုံးစရိတ်အနေနဲ့သတ္တုတွင်းကုမ္ပဏီငယ်တွေမှာ   နှစ်စဉ်ဒေါ်လာ ၂ သန်းကနေ ၁၀ သန်းထိရှိပြီး ပိုကြီးတဲ့ကုမ္ပဏီကြီးတွေမှာတော့ နှစ်စဉ် ဒေါ်လာ သန်း ၅၀ နဲ့ သူ့အထက်မှာသုံးစွဲလေ့ရှိပါတယ်.. ဥပမာအားဖြင့် Barrick Gold ဆိုတဲ့ကုမ္ပဏီဟာ ၂၀၀၇ ခုနစ်မှာ အသုံးစရိတ် ဒေါ်လာသန်း ၁၇၀ ထိရှိပြီး စမ်းသပ်ရှာဖွေရေးဝန်ထမ်းပေါင်း ၅၀၀ ကျော်ထိ ရှိပါတယ်.. ဈေးကွက်အခြေအနေပေါ်မူတည်ပြီး နှစ်စဉ်အသုံးစရိတ်ဟာ ပြောင်းလဲလေ့ရှိပါတယ်.. ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့အနှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်များရဲ့အစောပိုင်းကာလတွေမှာ ဒီလိုကုမ္ပဏီကြီးတွေရဲ့ရှာဖွေရေးဘတ်ဂျက်တွေကို ဒေါ်လာသန်းပေါင်းအနည်းငယ်အထိလျှော့ချပစ်ကြပြီး ဒါဟာ ရွှေဈေးနှုန်း ကျဆင်းမှုတွေကြောင့်ပဲဖြစ်ပါတယ်.. ဒီလိုဈေးကွက်အခြေအနေမျိုးမှာ ရွှေတူးဖော်တဲ့ကုမ္ပဏီတွေဟာ စမ်းသပ်ရှာဖွေရေးတွေထက် ကုမ္ပဏီတွေကိုပြန်ဝယ်ယူခြင်းလိုမျိုးလုပ်ဆောင်မှုတွေ ကိုလုပ်ဆောင်ကြတာ တွေ့ရပါတယ်..
ဒီနေရာမှာ အလယ်အလတ်နဲ့စီနီယာကုမ္ပဏီကြီးတွေကိုအတူပူးတွဲပြီးအုပ်စု တစ်ခုတည်းမှာ  ဖော်ပြပေမယ့်  Metals Economics Group  ဆိုတဲ့အဖွဲ့အစည်းကတော့ မေဂျာတွေကို တစ်နှစ်ဝင်ငွေ ဒေါ်လာသန်းပေါင်း ၅၀၀ ကျော်ရှိပြီး သူတို့ရဲ့ကိုယ်ပိုင်ငွေနဲ့ သတ္တုတွင်းတစ်ခုဖွံ့ဖြိုးဖြစ်ထွန်းလာအောင်လုပ်နိုင်တဲ့ ကုမ္ပဏီမျိုးလို့ ဖွင့်ဆိုပါတယ်.. အလယ်အလတ်အဆင့်ကုမ္ပဏီတွေကိုတော့ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၅၀ ကနေ သန်း ၅၀၀ ထိရှိတဲ့ကုမ္ပဏီမျိုးလို့ဆိုပါတယ်..
မေဂျာတွေဟာ စမ်းသပ်ရှာဖွေမှုပြုလုပ်မယ့်ဧရိယာတွေကို သူ့ရွေးချယ်မှုနဲ့သူ ပိုမိုပြီးရွေးချယ်နိုင်စွမ်း ရှိပါတယ်..  ဂျူနီယာကုမ္ပဏီတွေအနေနဲ့ ယှဉ်ကြည့်လိုက်ရင်ပိုမိုသေးငယ်တဲ့ အရွယ်အစားရှိ သတ္တုသိုက်မျိုး ကိုရှာဖွေနိုင်ရုံနဲ့ကျေနပ်နေချိန်မှာ မေဂျာတွေကတော့ကြီးမားတဲ့သတ္တုတူးဖော် မှုတွေပြုလုပ်နိုင်မယ့် ကမ္ဘာ့ အဆင့်သတ္တုသိုက်တွေကိုပိုစိတ်ဝင်စားလေ့ရှိပါတယ်..
မေဂျာတွေဟာ စမ်းသပ်ရှာဖွေရေးဘတ်ဂျက်တွေပိုရလေ့ရှိပေမယ့် သတ္တုသိုက်အသစ်တွေရှာဖွေတွေ့ရှိမှု အပိုင်းမှာတော့ ဂျူနီယာတွေလောက်အောင်မြင်မှုမရှိတာကိုတွေ့ရပါတယ်.. ဒီလိုဖြစ်ရတဲ့အကြောင်းအရင်း အချို့ကတော့
  • မေဂျာတွေဟာ သူတို့ရဲ့ စမ်းသပ်ရှာဖွေရေးဘတ်ဂျက်တွေကို သိပြီးသားသတ္တုသိုက်တွေကို ချဲ့ထွင်တွေ့ရှိနိုင်ဖို့ရည်ရွယ်ပြီး ရှာဖွေတွေ့ရှိထားပြီး သတ္တုသိုက်တွေဝန်းကျင်မှာ လွန်တွင်းတူးဖောက်မှု တွေအတွက်သုံးစွဲလေ့ရှိပါတယ်.. 
  •  မေဂျာတွေဟာ ပိုမိုကြီးမားတဲ့သတ္တုသိုက်တွေကိုရှာဖွေဖို့ပိုမိုအာရုံစိုက်လာကြပြီး အခွင့်အလမ်းတွေ လက်လွတ်သွားတတ်ကြပါတယ်.. 
  • ဂျူနီယာတွေဟာ ကောင်းကောင်းကြီးစွန့်စားရဲသူတွေဖြစ်ပြီး စွန့်ဦးတီထွင်တဲ့သူတွေလဲဖြစ်ပါတယ်.. ဒီအရည်အသွေးတွေကပဲ ရှာဖွေတွေ့ရှိမှုတွေရှိရာကို ဦးဆောင်သွားတာဖြစ်ပါတယ်.. 
  • ဂျူနီယာတွေဟာဗျူရိုကရက်သိပ်မဆန်ပဲဆုံးဖြတ်ချက်တွေကိုခပ်မြန်မြန်ချဖို့လွယ်သူတွေဖြစ်ပါတယ်..
  • မေဂျာတွေဟာ ဂျူနီယာတွေ သတ္တုသိုက်ကိုရှာဖွေတွေ့ရှိပြီးပြီဆိုမှ ဒီသတ္တုသိုက်ကိုဝယ်တာမျိုး ဒါမှာ မဟုတ်အဲဒီဂျူနီယာကုမ္ပဏီကိုဝယ်လိုက်တာမျိုးတွေလုပ်လေ့ရှိပါတယ်.. စွန့်စားမှုများတဲ့ရှာဖွေတွေ့ရှိမှု အဆင့်ကို ဂျူနီယာတွေကိုလွှဲချထားတဲ့သဘောပဲဖြစ်ပါတယ်..
ဂျူနီယာတွေနဲ့မေဂျာတွေရဲ့ စမ်းသပ်ရှာဖွေမှုအသုံးစရိတ်တွေဟာ အချိန်နဲ့အမျှကွဲပြားလေ့ရှိပါတယ်.. ၂၀၀၁ ခုကနေ ၂၀၁၀ ခုထိအတွင်းမှာ မေဂျာတွေရဲ့ရှာဖွေရေးအသုံးစရိတ်ဟာ ကမ္ဘာလုံးအတိုင်း အတာရဲ့ ၃၀ ကနေ ၆၀ ရာခိုင်နှုန်းထိရှိပြီး ဂျူနီယာတွေကတော့ ၃၀ ကနေ ၅၀ ရာခိုင်နှုန်း ထိရှိတာတွေ့ရပါတယ်.. ၂၀၁၁ ခုနစ်ကထုတ်ပြန်တဲ့ Metals Economics Group ရဲ့ဂရပ်မှာတော့ ၂၀၀၁ ခုကနေ ၂၀၁၀ ထိ စမ်းသပ် ရှာဖွေရေးအသုံးစရိတ်သုံးစွဲကြပုံတွေကိုဖော်ပြထားပါတယ်။ အဲဒီမှာဆိုရင်၂၀၀၄ခုနှစ်နောက်ပိုင်းမှာဂျူနီယာတွေရဲ့အသုံးစရိတ်တွေဟာ မေဂျာတွေရဲ့အသုံး စရိတ်တွေထက်ယေဘုယျအားဖြင့် သာလွန်လာတာ ကိုတွေ့ရပါတယ်.. ပုံမှာဖော်ပြထားပါတယ်..

အထက်မှာဖော်ပြခဲ့တဲ့ player တွေကတော့ စာအမှတ် (၁) ကိုရေးတဲ့အထဲမှာပါတဲ့မှီငြမ်းတဲ့စာအုပ်ရဲ့အဆို တွေပါ.. ဆက်လက်ပြီးမြန်မာနိုင်ငံမှာရှိနေတဲ့ သတ္တုတွင်းဥပဒေအရကော လက်တွေ့ရှိနေတဲ့အနေအထား တွေအရပါယှဉ်ထိုးလေ့လာကြည့်ပါမယ်..
အခုဖော်ပြခဲ့ပြီးသား player တွေကိုလေ့လာကြည့်ရင် သူတို့တွေဟာ အစိတ်အပိုင်းတစ်ခုချင်းစီ အနေနဲ့ သီးခြားရပ်တည်နေတာမဟုတ်ဘူးဆိုတာတွေ့ရပါမယ်..သူတို့အချင်းချင်းကြားမှာဆက်နွယ်နေတဲ့အဓိက အစိတ်အပိုင်းကတော့ သတ္တုသိုက်တစ်ခုကိုရှာဖွေပြီးချိန်မှာဘာတွေလုပ်သလဲဆိုတဲ့အပိုင်းပါပဲ.. စူးစမ်းရှာဖွေသူတွေက တွေ့ပြီးချိန်မှာ အသေးစိတ်စမ်းသပ်ရှာဖွေမှုတွေမလုပ်ကြပါဘူး.. ထိုနည်းတူစွာပဲ ဂျူနီယာလို့ခေါ်တဲ့ စမ်းသပ်ရှာဖွေရေးကုမ္ပဏီတွေကလည်း သတ္တုသိုက်တစ်ခုရှာဖွေတွေ့ရှိချိန်မှာ တူးဖော် ထုတ်လုပ်မှုတွေမလုပ်ကြပါဘူး.. တစ်ဆင့်ပြီးတစ်ဆင့်ဆက်လက်လုပ်ဆောင်နိုင်သူကို လက်လွှဲရောင်းချကြ တာမျိုးကိုတွေ့ရပါတယ်.. အဲဒီလိုလွှဲပြောင်းပိုင်ခွင့်ရှိရပါမယ်.. 
ကျွန်တော်တို့ဆီမှာတော့ဥပဒေအရလွှဲပြောင်းပိုင်ခွင့်ကိုတားမြစ်ထားတာတွေ့ရပါတယ်.. 
ဒေသတွင်းနိုင်ငံ တွေမှာတောင်မှဥပဒေအရခွင့်ပြုပေးထားပြီးအဲဒီလွှဲပြောင်းမှုကနေတဆင့်   နိုင်ငံတော်က အခွန်အခတွေရရှိ အောင်ပြဌာန်းထားတာတွေ့ရပါတယ်.. အချို့ဆိုလွှဲပြောင်းမှုတိုင်းမှာ နိုင်ငံတော်ကရအောင်ပြဌာန်းထား တာတွေပါတွေ့ရပါတယ်..
အသစ်ပြင်ဆင်ပြဌာန်းမယ့် မြန်မာနိုင်ငံသတ္တုတွင်းဥပဒေမှာတော့လွှဲပြောင်းပိုင်ခွင့်ကိုတရားဝင်ခွင့်ပြုပေး ထားနိုင်မယ်ဆိုရင်သိပ်ကောင်းမယ်လို့မျှော်လင့်မိပါတယ်..
မြန်မာနိုင်ငံရဲ့ သတ္တုတွင်းကုမ္ပဏီတွေကိုပြန်လေ့လာကြည့်မယ်ဆိုရင်တော့ အထက်မှာဖော်ပြထားတဲ့ ကုမ္ပဏီအမျိုးအစားတွေနဲ့ခပ်ဆင်ဆင်တူညီတာမျိုးအနည်းအကျဉ်းတွေ့ရပေမယ့် အဲဒီဟာတွေထက်တစ်ခုပို လာတာကတော့တော့ Paper Mining Company မျိုးလို့ပြောရင်ရပါတယ်.. (ဒီလိုအမျိုးအစားမျိုးဟာ အချို့ဒေသတွင်းနိုင်ငံတွေမှာလည်းတွေ့နိုင်တာကိုဝန်ခံပါတယ်.. အချို့မြန်မာနိုင်ငံကိုလာတဲ့ ကုမ္ပဏီတွေ တောင် အရှေ့ကလာတဲ့သူဖြစ်ဖြစ်အနောက်ကလာတဲ့သူဖြစ်ဖြစ် ဒီလိုကုမ္ပဏီမျိုးတွေကိုတွေ့ဘူးတယ်ဆို တာကိုလဲကိုယ်တွေ့အဖြစ်ဝန်ခံပါတယ်..) အဲဒီလို ကုမ္ပဏီမျိုးတွေကို ကင်းပွန်းတပ်တော်တဲ့ မြန်မာတွေက တော့ ဖျာခင်းသူတွေလို့ခေါ်ရင်ရပါတယ်..
သူတို့တွေရဲ့ ၀ိသေသလက္ခဏာတွေထဲကအချို့ကတော့
  • ကနဦးစမ်းသပ်ရှာဖွေမှုလေးတောင်လုပ်လေ့မရှိပဲ သူများတွေ့ထားတယ်သတင်းကြားရုံနဲ့ နီးစပ်ရာ အသိုင်းအ၀န်းရဲ့ အရှိန်အ၀ါကိုယူပြီးလုပ်ကွက်ဧရိယာရယူသူတွေဖြစ်ပါတယ်.. အချို့ဆို သတ္တုတွင်းဝန် ကြီးဌာနရဲ့ခွင့်ပြုမိန့်အဆင့်ထိအောင်တောင်မရပဲ မြေစာရင်းဦးစီးဌာနရဲ့ မြေပုံကူးဆွဲခွင့်လေးကိုင်ထားပြီး ပိုင်ဆိုင်မှုတစ်ခုလိုလုပ်ထားတတ်ကြပါသေးတယ်.. 
  •  နောက်မကြာမီမှာပဲဒီလုပ်ကွက်ကလေးကိုအတူတွဲလုပ်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူကိုရှာဖွေလေ့ရှိပါ တယ်.. တရားဝင်ခြင်း မ၀င်ခြင်းမစဉ်းစားပဲ ရင်းနှီးမြှုပ်နှံငွေတွေလက်ခံရယူပြီး နိုင်ငံခြားသားတွေ လုပ်ကွက်ထဲစခန်းချနေထိုင်ခွင့်ရအောင်နည်းမျိုးစုံနဲ့လုပ်တတ်ကြပါတယ်.. 
  •  လုပ်ကွက်နေရာမှာတကယ်သတ္တုရှိမနေရင်တော့ပြသနာမျိုးစုံတက်ပြီးဒုက္ခရောက်တတ်ပါတော့တယ်.. 
  • ဆည်းကပ်ကိုးကွယ်မှုကောင်းသူတွေကတော့ သတ္တုတစ်စမှမရှိတဲ့လုပ်ကွက်ကြီးပေါ်မှာထိုင်ပြီး သတ္တုတွင်းပိုင်ရှင်အဖြစ်နဲ့ဂုဏ်ယူနေတတ်ကြပါတယ်.. နောက်ထပ်အရင်းအနှီးမဖြစ်စလောက်ထုတ်နိုင် မယ့်နိုင်ငံခြားသားသူဌေးနဲ့ နိုင်ငံခြားသားပညာရှင်ဆိုသူများကိုလိုက်ရှာနေလေ့ရှိပါတယ်..
အထက်မှာဖော်ပြထားတဲ့ တကယ်သတ္တုစမ်းသပ်ရှာဖွေထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုကြည့်ရင် သူတို့ရဲ့ဖွဲ့စည်းထားမှုမှာပညာရပ်ပိုင်းဆိုင်ရာနဲ့စီးပွားရေးဆိုင်ရာကျွမ်းကျင်သူတွေပါလေ့ရှိတာ ကိုတွေ့ရပါတယ်.. မြန်မာနိုင်ငံမှာရှိနေတဲ့သတ္တုတူးဖော်ရေးလုပ်ငန်းရှင်တွေအနေနဲ့ကတော့   မေဂျာတွေဖြစ်ဖို့ထက် ဂျူနီယာတွေဖြစ်ဖို့ အရင် ကြိုးစားကြည့်ဖို့လိုအပ်ပါတယ်.. ဒီအတွက်လဲနိုင်ငံတော်အနေနဲ့လမ်းကြောင်းတွေချပေးဖို့လိုပါမယ်..ပညာရှင်တွေရှိနေရင်   ငွေကြေးအရင်းအနှီးရနိုင်တဲ့အခွင့်အလမ်းတွေလုပ်ဆောင်ပေးသင့်ပါတယ်.. ငွေကြေး ရှိပြီးသားလုပ်ငန်းရှင်တွေအနေနဲ့လဲပညာရှင်တွေကိုစီးပွားဖက်အကျိုးတူအခွင့်အရေးတွေပေးပြီးလုပ်   ဆောင်သင့်ပါတယ်..သတ္တုတူးဖော်ရေးစီးပွားနယ်ပယ်ဟာအခြားစီးပွားရေးလုပ်ငန်းတွေနဲ့ မတူညီကြောင်း တွေ့ရပါတယ်..အရင်းအနှီးပမာဏလဲများပြားတဲ့အပြင်ပညာရပ်ဆိုင်ရာကြွယ်ဝမှု လဲလိုအပ်ပါတယ်..
ပြီးခဲ့တဲ့လပိုင်းအတော်ကြာကြာက လွှတ်တော်ကဖွဲ့စည်းထားတဲ့သတ္တုလုပ်ငန်းကော်မီတီကတစ်ဦးတင်ပြ သွားတာဖတ်မိပါတယ်..လူတိုင်းသတ္တုလုပ်ငန်းလုပ်နိုင်ရမယ်၊လူတိုင်းသတ္တုလုပ်ငန်းကနေ၀င်ငွေ ရပြီးဆင်းရဲမွဲတေမှုတိုက်ဖျက်မယ်ဆိုတာပါ..စေတနာကိုအသိအမှတ်ပြုရမှာဖြစ်ပေမယ့် ဆိုရှယ်လစ်ဆန်နေတဲ့စီးပွား ရေးအတွေးအခေါ်တစ်ခုလို့ ကိုယ့်အတွေးနဲ့ကိုသတ်မှတ်မိပါတယ်.. လူတိုင်းသတ္တုလုပ်ငန်းလုပ်ပြီးဝင်ငွေရ ရမယ်ဆိုတာတဲ့ သတ္တုလုပ်ငန်းကနေရတဲ့အခွန်အခတွေကနေ၊ ဆက်နွယ်အလုပ်တွေကနေရလာမယ့်ငွေ ကြေးတွေကိုခံစားရစေဖို့ကပိုအရေးကြီးပါတယ်လို့မြင်မိပါတယ်..
မြန်မာသတ္တုတွင်းလုပ်ငန်းတွေမှာကမ္ဘာစံမီplayerမျိုးတွေပေါ်ပေါက်နေစေဖို့ဖန်တီးပေးနိုင်ပါစေလို့ မျှော်လင့်နေပါတယ်..။

ဇေထက်
ညနေ ၃း၂၄ နာရီ
၁၁ ဒီဇင်ဘာ ၂၀၁၂။
ရန်ကုန်မြို့။







Saturday, November 24, 2012

သတ္တုလုပ်ငန်းဖွံ့ဖြိုးဖို့တကယ်လုပ်မယ်ဆိုရင်ဖြင့်..(၁)

မြန်မာနိုင်ငံနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၂) ထွက်လာပြီးနောက်ပိုင်းမှာ နိုင်ငံတကာက ဆက်သွယ်ရင်းစွဲ သတ္တုတွင်းလုပ်ငန်းရှင်တွေဆီ အကြောင်းကြားဖြစ်ပါတယ်။ သူတို့က ပြန်မေးကြတာတော့ သတ္တုတွင်းဥပဒေ အသစ်ဘယ်တော့များပြဌာန်းမလဲဆိုတာပါပဲ။ 

အသစ်ပြင်ဆင်ပြဌာန်းဖို့အစီအစဉ်ရှိပြီး သက်ဆိုင်သူများကြိုးစားနေကြကြောင်း ပြန်အကြောင်းပြန်ရင်းနဲ့ အတွေးတစ်ခုဝင်လာလို့ဒီစာကိုရေးမိပါတယ်။အဓိကရည်ရွယ်ချက်ကတော့ကမ္ဘာတစ်ဝှမ်းသတ္တုတွင်းလုပ်ငန်း လုပ်ဆောင်နေကြရာကနေတွေ့ရှိသုံးသပ်ထားတဲ့ သတ္တုတွင်းလုပ်ငန်းတွေရဲ့သဘောသဘာဝတွေကို အများသူငှာသိစေလိုပြီး ဥပဒေပြဌာန်းဖို့ ပြင်ဆင်ကြိုးစားနေသူတွေအတွက် စဉ်းစားစရာလေးတွေကို တို့ထိပေးချင်တဲ့ သဘောပါပဲ။

ဒီစာကိုရေးဖို့အတွက် စာရေးသူ Robert Stevens ရဲ့ Mineral Exploration and Mining Essentials ဆိုတဲ့စာအုပ်ထဲက မှီငြမ်းပြီးရေးသားပါတယ်လို့ ၀န်ခံပါရစေ။ ၂၀၁၂ ဇန်န၀ါရီက ထုတ်ခဲ့တဲ့စာအုပ်ဖြစ်လို့ အချိန် ကာလအားဖြင့် အတော်နီးစပ်တဲ့အချက်အလက်တွေကို စာရေးသူအခြေပြုထားတယ်လို့ ယူဆမိပါတယ်။ဒီအတွက်လဲလက်ရှိမြန်မာနိုင်ငံအတွက်လဲ  လေ့လာအတုယူစရာတစ်ချို့တွေ့နိုင်လိမ့်မယ်လို့
ထင်ပါတယ်။

သတ္တုတွင်းဥပဒေဆိုတာ သတ္တုတွင်းလုပ်ငန်းဆောင်တာတွေကို အဓိကထိမ်းကြောင်းရမယ့် ဥပဒေ တစ်ရပ် ဖြစ်တယ်လို့ယူဆမိတဲ့အတွက် အရင်ဆုံး သတ္တုတွင်းလုပ်ငန်းတွေရဲ့ ဖြစ်စဉ်အဆင့်ဆင့်ဟာ ဘာတွေလဲဆိုတာ သိဖို့လိုအပ်တယ်လို့ထင်ပါတယ်။ 

တကယ်တော့သတ္တုတွင်းလုပ်ငန်းဆိုတာအဓိကကျတဲ့ သော့ချက်အစိတ်အပိုင်းများစွာနဲ့ပေါင်းစုဖွဲ့စည်းထားတဲ့ လှုပ်ရှားသက်ဝင်နေတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ Explorationလို့ခေါ်တဲ့ သတ္တုစမ်းသပ်ရှာဖွေတိုင်းတာ တဲ့ဖြစ်စဉ်ကနေစတင်ပြီးသတ္တုတူးဖော်ထုတ်လုပ်ခြင်း၊သန့်စင်ခြင်းစတဲ့ဖြစ်စဉ်အဆင့်တွေကို ဖြတ်သန်းလာရာ ကနေ နောက်ဆုံး သတ္တုတွင်းပိတ်သိမ်းကာ မြေယာပြန်လည်ပြုပြင်ခြင်းလုပ်ငန်းတွေနဲ့အဆုံးသတ်ပါတယ်။ အဆင့်တစ်ခုချင်းစီဟာသီးခြားဆောင်ရွက်မှုပုံစံတွေနဲ့ထူးခြားပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖြစ်ထွန်းလာ တတ်ပါတယ်။တစ်ချို့အဆင့်တွေကတော့တစ်ဆင့်နဲ့တစ်ဆင့် Overlap ဖြစ်ပြီးလုပ်ဆောင်တာမျိုးလဲရှိတတ် ပါတယ်။ဥပမာအားဖြင့်လူထုအဖွဲ့အစည်းတွေကို ပညာပေးခြင်းလုပ်ငန်းတွေကို စမ်းသပ်ရှာဖွေစဉ်ကာလမှာ ကတည်းကဆောင်ရွက်ခြင်း၊မြေယာပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေကိုသတ္တုတူးဖော်ထုတ်လုပ်ခြင်းကာလမှာ ကတည်းကဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ်။

သတ္တုတွင်းလုပ်ငန်းတွေရဲ့ ဖြစ်စဉ်အဆင့်ဆင့်ကို အစိတ်အပိုင်း ခုနစ်ခုနဲ့ဖွဲ့စည်းထားပါတယ်။ 

၁။ စမ်းသပ်ရှာဖွေတိုင်းတာခြင်းအဆင့် (Exploration)
တန်ဖိုးရှိနိုင်တဲ့ကျောက်နဲ့တွင်းထွက်သိုက်ရှာဖွေပြီးစစ်ဆေးအကဲဖြတ်တဲ့အဆင့်ဖြစ်ပြီးသတ္တုသိုက်ကိုရှာဖွေ
ခြင်းလုပ်ပြီးနောက် တူးဖော်ထုတ်လုပ်မှုမပြုခင်မှာ သတ္တုသိုက်ရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစား၊ အရည်အသွေး၊ ပမာဏစသည်ဖြင့်ဖော်ထုတ်ပေးရပါတယ်။ 

၂။အသိပညာပေးခြင်း၊ ခွင့်ပြုချက်များရယူ/ပေးခြင်း နှင့် ငွေကြေးဆိုင်ရာလေ့လာမှုပြုခြင်းအဆင့် (Consultations, Permitiing and Financial Analysis)
ရည်ရွယ်ထားတဲ့သတ္တုတွင်းရဲ့ လူမှုစီးပွားရေးနဲ့ပါတ်ဝန်းကျင်ဆိုင်ရာအချက်အလက်တွေကို ပြည်သူလူထု၊ အစိုးရ နဲ့ အခြား Stakeholders တွေကိုတင်ပြ အသိပညာပေးခြင်းတွေလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီအတွက်ပါတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုလေ့လာခြင်းတွေအပြင် ငွေကြေးဆိုင်ရာလေ့လာ
သုံးသပ်ခြင်းတွေ၊ အင်ဂျင်နီယာဆိုင်ရာလေ့လာမှုတွေလုပ်ဆောင်ရမှာဖြစ်ပြီး ခွင့်ပြုချက်များရယူခြင်း၊ ထုတ်ပေးခြင်းတွေလုပ်ဆောင်ရမှာ လည်းဖြစ်ပါတယ်။ 

၃။ တည်ဆောက်ခြင်းအဆင့် (Construction)
ခွင့်ပြုချက်ရပြီးတာနဲ့ဆက်လက်ပြီး သတ္တုတွင်းဖွံ့ဖြိုးမှုလုပ်ဆောင်ရေးတွေလုပ်ဆောင်ရတာဖြစ်ပါတယ်။

၎။ သတ္တုတူးဖော်ရေးအဆင့် (Mining)
မြေအောက်မှာရှိတဲ့ သတ္တုတွေကိုတူးဖော်ထုတ်ယူခြင်းလို့ဆိုနိုင်ပါတယ်။

၅။ သတ္တုပြုပြင်သန့်စင်ခြင်း (Mineral Processing)
ကျောက်သားထဲမှာရှိတဲ့ တန်ဖိုးရှိတဲ့တွင်းထွက်တွေကိုထုတ်ယူနိုင်ဖို့အတွက် သတ္တုရိုင်းများကို ကြိတ်ခွဲခြင်းနှင့် ပြုပြင်သန့်စင်ခြင်းလုပ်ဆောင်ရပါတယ်။

၆။ အရည်ကျိုသန့်စင်ခြင်း (Smelting and Refining)
သန့်စင်တဲ့နောက်ဆုံးထွက်ကုန်သတ္တုသန့်ကိုရဖို့အတွက်ပြုပြင်သန့်စင်ရာကရလာတဲ့သတ္တုရိုင်းတွေကို အရည်ကျိုခြင်း၊ Treament ပေးခြင်းတွေလုပ်ဆောင်ရပါတယ်။

၇။ သတ္တုတွင်းပိတ်သိမ်းခြင်းနှင့်မြေယာပြန်လည်ပြုပြင်ခြင်းအဆင့် (Closure and Reclamation)
သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်နားပိတ်သိမ်းလိုက်ပြီး အရင်တူးဖော်ထုတ်လုပ်မှုတွေ မပြုခင်အခြေအနေ အတိုင်းဖြစ်နိုင်သမျှဖြစ်အောင် မြေယာကိုပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းတွေပဲဖြစ်ပါတယ်။

ဒီလုပ်ငန်းအဆင့်တစ်ခုချင်းစီကိုလုပ်ဆောင်ရာမှာ ကုန်ကျတဲ့ စရိတ်နဲ့အချိန်ဟာ တစ်ဆင့်နဲ့တစ်ဆင့် သိသိ သာသာကွဲပြားလေ့ရှိပါတယ်။ ဥပမာအားဖြင့် သေးငယ်ပြီး ရိုးရှင်းတဲ့လုပ်ငန်းမျိုးဟာ စမ်းသပ်ရှာဖွေမှုအဆင့် ကနေတူးဖော်ထုတ်လုပ်မှုအဆင့်ကိုနှစ်အနည်းငယ်အတွင်းမှာကူးပြောင်းသွားနိုင်ပြီး အဲဒီလိုစတင်ထုတ်လုပ် တူးဖော်ရာကနေ သတ္တုတွင်းပိတ်သိမ်းခြင်းအထိ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ရောက်ရှိသွားတတ်ပါတယ်။ တစ်ခါတည်းမှာ ကြီးမားပြီး လုပ်ငန်းရှုပ်ထွေးမှုရှိတဲ့ လုပ်ငန်းတွေမှာဆိုရင်တော့ စမ်းသပ်ရှာဖွေခြင်း၊ အသိပညာပေးခြင်း၊ခွင့်ပြုချက်များရယူခြင်းနှင့်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတွေ
ဆောင်ရွက်ဖို့အတွက်တင် နှစ်ပေါင်း ၂၀ လောက်ကြာတတ်ပြီး ထုတ်လုပ်မှုအတွက်တော့ ဆယ်စုနှစ် များစွာကြာတတ်ပါတယ်။ ဒီလိုပဲ စမ်းသပ်ရှာဖွေခြင်း၊ အသိပညာပေးခြင်း၊ ခွင့်ပြုချက်များရယူခြင်း နှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းအတွက် လုပ်ငန်းအငယ်စားတွေမှာ အမေရိကန်ဒေါ်လာ သန်း၁၀၀ လောက်ကနေ လုပ်ငန်းအကြီးစားတွေမှာ အမေရိကန်ဒေါ်လာသန်း ၃၀၀၀ လောက်ထိကျခံသုံးစွဲ ရလေ့ရှိပါတယ်။ 

ဆက်လက်ပြီးအောက်မှာဇယားနဲ့အတူသတ္တုတွင်းလုပ်ငန်းတွေရဲ့ဖြစ်စဉ်အဆင့်ဆင့်အလိုက်အချိန်နဲ့ငွေကြေး သုံးစွဲရမှုအနှစ်ချုပ်ကိုဖော်ပြထားပါတယ်။

လုပ်ဆောင်မှု
အချိန်
ကုန်ကျစရိတ်/ပြန်ရငွေ (အမေရိကန်ဒေါ်လာ)
စမ်းသပ်ရှာဖွေတိုင်းတာခြင်းအဆင့်
၃ - ၁၂ နှစ်
- တစ်နှစ်လျင်၅သောင်း မှ သိန်း ၂၀၀ ထိ
- စုစုပေါင်း သန်း ၂၀ မှ သန်း ၁၅၀ ကျော်ထိ

ခွင့်ပြုချက်များရယူနှင့်ငွေကြေးဆိုင်ရာ
လေ့လာမှုပြုခြင်းအဆင့်
၂ - ၇ နှစ်
(စီးပွားဖြစ်နိုင်စွမ်းလေ့လာခြင်းနှင့် ပါတ်ဝန်းကျင်ဆိုင်ရာလေ့လာခြင်းများ
အပါအ၀င်)
၂ သန်းမှ သန်း ၂၀ ထိ
တည်ဆောက်ခြင်းအဆင့်
၁ - ၄ နှစ်
သန်း ၁၀၀ မှ သန်း ၃၀၀၀ ထိ
သတ္တုတူးဖော်ရေးအဆင့်
၅ - ၁၀၀ နှစ်
သန်းရာပေါင်းများစွာမှ
သန်းထောင်ပေါင်းများစွာထိ
ပြန်ရနိုင်
သတ္တုတွင်းပိတ်သိမ်းခြင်းနှင့်
မြေယာပြန်လည်ပြုပြင်ခြင်းအဆင့်
၂ - ၅ နှစ်
(သတ္တုတူးဖော်ခြင်းလုံးဝ
ရပ်ဆိုင်းပြီးချိန်မှစ၍)
(ဆက်လက်စောင့်ကြပ်ကြည့်ရှုခြင်းမှာ
ပို၍ အချိန်ကြာနိုင်)
၂ သန်းမှ သန်း ၅၀ ထိ

ဒါတွေဟာကမ္ဘာမှာရှိတဲ့သတ္တုတွင်းအသီးသီးရဲ့အချက်အလက်တွေကိုစုစည်းသုတေသနပြုပြီးထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေပါ။ ဒါတွေကိုကြည့်ခြင်းအားဖြင့် အချိန်ကာလအရဖြစ်စေ ငွေကြေးရင်းနှီးမှုအရဖြစ်စေ အခြေခံစဉ်းစားရမယ့်အချက်အလက်တွေကိုသိနိုင်မယ်လို့ထင်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေက မြန်မာနိုင်ငံသတ္တုတွင်းလုပ်ငန်းတွေနဲ့ပါတ်သက်လို့ လုပ်ကွက်တစ်ခုချင်းစီအပေါ် ရင်းနှီးမြှုပ်နှံမှုပမာဏ၊အချိန်ကာလသတ်မှတ်ချက်တွေနဲ့သိရှိပြီးသားသူတွေနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ မြန်မာ
နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆီမှာ တင်ပြတောင်းခံရင်ခက်ခဲတယ်ဆိုတဲ့ သဘောတရားကိုအခြေပြုပြီး အသေးစားသတ္တုတူးဖော်ထုတ်လုပ်ရေးဆိုပြီးခေါင်းစဉ်တပ်ကာ စာရွက်ပေါ်ကရင်းနှီးမြှုပ်နှံမှုပမာဏ သိန်း ၁၀၀ ကျပ်လောက်ကို ဖော်ပြပြီးလုပ်ကိုင်ခဲ့ကြတဲ့ အဆီအငေါ်မတည့်မှုတွေကိုပြန်လည်သုံးသပ်ကြရပါမယ်။ လုပ်ငန်းဆောင်ရွက်မှုအမှန်တကယ်ဆောင်ရွက်ရာမှာတော့အကြီးစားသတ္တုတူးဖော်ခြင်းဆန်ဆန်
ဆောင်ရွက်နေပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ အဆင့်အသီးသီးကို မှန်ကန်အောင်မလုပ်ခဲ့နိုင်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူရဲ့ဆုံးရှုံးမှုတွေဖြစ်ခဲ့ရသလိုဒေသခံပြည်သူတွေရဲ့လူမှုဘ၀နဲ့ပါတ်ဝန်းကျင်ဆိုင်ရာထိခိုက်နစ်နာ
မှုတွေလည်းကြုံတွေ့ခဲ့ကြရတာကိုကျွန်တော်တို့သိနေမြင်နေခဲ့ကြရပါတယ်။ 

လက်ရှိမြန်မာ့သတ္တုတွင်းလုပ်ငန်းတွေရဲ့ အစကနဦးအဆင့်မှာ ကတည်းက စမ်းသပ်ရှာဖွေမှုကို မသုံးစွဲချင်ကြတာ၊ငွကြေးဆိုင်ရာတွက်ချက်သုံးသပ်မှုပီပီပြင်ပြင်မရှိပဲလုပ်ဆောင်နေကြတာ၊တည်ဆောက်ရေး အဆင့်ကိုမရှိသလောက်(စာရွက်ထဲကလွဲလို့)ဖြစ်နေတာ၊ထုတ်လုပ်မှုစနစ်မမှန်တာစသည်စသည်တွေကြောင့်
နောက်ဆုံးဈေးကွက်ပါပျောက်သွားရတာမျိုးတွေဖြစ်နေရ တာကိုကြုံတွေ့နေရပါတယ်။

ဒီဆုံးရှုံမှုတွေလွန်မြောက်ပြီး သတ္တုလုပ်ငန်းများဖွံဖြိုးအောင်ဆောင်ရွက်နိုင်ဖို့ ဒီလုပ်ငန်းစဉ်အဆင့်တွေကို အခြေခံပြီး ထွက်ပေါ်လာမယ့် ဥပဒေဟာသိပ်အရေးကြီးပါတယ်။ လုပ်ငန်းစဉ်အဆင့်တိုင်းကို မှန်မှန်ကန်ကန်လုပ်ဆောင်မှသာနိုင်ငံတကာအရည်အသွေးမီတဲ့သတ္တုထုတ်ကုန်တွေပေါ်ထွက်လာမှာ
ဖြစ်သလိုပြည်သူလူထုနဲ့တိုင်းပြည်အကျိုးစီးပွားကိုပံ့ပိုးအကာအကွယ်ပေးနိုင်မယ့်အနေအထားတွေဖြစ်လာနိုင် မှာဖြစ်ပါတယ်။ သတ္တုဆိုလူတွေကြောက်နေကြတာမျိုးကနေလွန်မြောက်ချင်ရင်တော့ ဒီအဆင့်တွေကို အမှန်အကန်ဆုံးလုပ်ပြ နိုင်ဖို့လိုပါလိမ့်မယ်လိုထင်မြင်မိပါတယ်။

ဇေထက်
နေ့လည် ၂း၂၃နာရီ
၂၄၊ ၁၁၊ ၂၀၁၂။
ရန်ကုန်မြို့။