အရက်ကိုအကြောင်းအမျိုးမျိုးပြပြီးသောက်ကြသည်။
ဝမ်းနည်းခြင်း၊ ၀မ်းသာခြင်း၊ ကျရှုံးခြင်း၊ အောင်မြင်ခြင်း၊ စသည်ဖြင့် တစ်ယောက်ကအကြောင်းတစ်မျိုးပြပြီး သောက်တတ်လျှင် အခြားတစ်ဦးကလည်း တစ်နေရာရာတွင် သူနှင့်ဆန့်ကျင်ဘက်အကြောင်းအရာဖြင့် သောက်နေမှာမလွဲပေ။
ဆိုတော့..အရက်သောက်ခြင်းသည် အရင်းပြန်စစ်သုံးသပ်လိုက်ပါက အကြောင်းအခြင်းအရာပြစရာမလိုသော လုပ်ရပ်တစ်ခုသာဖြစ်သည် ဟု ကျွန်တော်ပြောလျှင် အရက်ကြိုက်သူတိုင်းက လက်ခံကြမည်သာ။
သို့သောအရက်သောက်သူသည် အစွဲတော့ရှိတတ်သည်။ ရံဖန်ရံခါ ဆိုင်ပြောင်းသောက်တာရှိသော်လည်း ရင်ထဲစွဲနေသည့် ဆိုင်တော့သတ်သတ်မှတ်မှတ်ရှိတတ်သည်။
ကျွန်တော်တို့သောက်ဖြစ်ခဲ့သောဘုံဆိုင်များကို အမှတ်စဉ်တပ်ပြီး ရေးမယ်ဆိုပြီး စ စဉ်းစားမိချိန်မှာ တကယ် လှည့်သောက်လာခဲ့သောဆိုင်အရေအတွက် ပြန်စဉ်းစားကြည့်တော့ အများကြီးရေးလို့ရမယ်ထင်ခဲ့သည်။ တကယ်ရေးကြည့်လိုက်တော့ ရင်ထဲစွဲသည့်ဆိုင်ကခပ်နည်းနည်းသာဖြစ်သည်ကို တွေ့လာရသည်။
ဘယ်ဆိုင်မှာသောက်သောက်မူးသည်သာဖြစ်၏။ ဒါပေမယ့် ရင်ထဲငြိတဲ့ဆိုင်ဆိုတာ ဘာများထူးနေလို့ပါလဲ။ တကယ်တော့ ထူးလွန်းလှသည်လည်းမဟုတ်။ ဒါပေမယ့် အမှတ်တရရှိနေတတ်တာ ခက်သည်။
သိပ်ခက်ခက်ခဲခဲ သုံးသပ်အဖြေရှာရန်မလိုပါ။
ရှင်းသည်။
ဘ၀ကိုယ်စီ၏ အစိတ်အပိုင်းအသီးသီးမှာ အမှတ်တရဖြစ်စရာ (ကိုယ်ကိုတိုင်အတွက်) သမိုင်းဝင်နေရာလေးတွေ ဖြစ်ခဲ့လိုသာ..။
…………….
…………….
ဒီလိုအမှတ်တရတွေထဲမှာ နွားကြီးရဲ့ဆိုင်လေးလဲ အပါအ၀င်ဖြစ်၏။
စိမ်းလဲ့ဝါ လို့ဆိုင်းဘုတ်တတ်ထားပါတယ်။ ဒါပေမယ့် ဘယ်ဆိုင်မှာလဲလို့များမေးလာလို့ သူ့ဆိုင်ကိုလမ်းညွှန် ချင်ရင်ဖြင့် ဘယ်တော့မှ ဆိုင်းဘုတ်ပါနာမည်ကို လွယ်လွယ်စဉ်းစားမရ။
နွားကြီးဆိုင် လို့ပဲပြောဖြစ်ကြတာပေါ့။
တကယ်တော့ ဒီဆိုင်လေးဟာ နွားကြီးရဲ့ဘ၀တစ်ခုဖြစ်သလို ကျွန်တော်တို့တွေကြီးပြင်းလူရာဝင်ခဲ့ရာလည်းဖြစ်ပါတယ်။
…………….
…………….
ကျောင်းတွေအသီးသီးပြီးသွားကြပြီး အချိန်ကာလတစ်ခုကြာလာတဲ့ရက်တစ်ရက်မှာ နွားကြီးတစ်ယောက် ကျွန်တော်နေတဲ့ဘော်ဒါဆောင်ကိုရောက်လာပါတယ်။ ပထမ၀င်လုပ်နေတဲ့အလုပ်ကထွက်ပြီး သူစားသောက်ဆိုင် ဖွင့်မယ်ဆိုတာလာပြီးပြောပြတာပါ။ တကယ်တော့ နွားကြီး ဟာ ဘယ်အလုပ်မရွေး မရှက်တမ်းမကြောက်တမ်း လုပ်တတ်ပေမယ့် သူနဲ့အသင့်လျှော်ဆုံးအလုပ်ဟာ စားသောက်ဆိုင်လုပ်ငန်းပါပဲ ဆိုတာကျွန်တော်တို့ သူငယ်ချင်းတော်တော်များများ သိကြပါတယ်။ သူဒီအလုပ်လုပ်မယ်ဆိုတော့ နှုတ်အားစိတ်အားဖြင့် တော်တော် လေးအားပေးကြပါတယ်။ ပထမတော့ ကြေးအိုးဆိုင်လိုလို ဖွင့်မယ်ဆိုပြီး နောက်ဆုံးတော့စားသောက်ဆိုင် သက်သက်ဖွင့်ဖြစ်ပါတယ်။ (ကြေးအိုးဆရာကို ကျိုက်ထီးရိုးတောင်အထိလိုက်ရှာတာ မရလို့ လို့ ပြောပါတယ်.. ဒီအကြောင်းကို တင်မောင်တို့ကောင်းကောင်းသိတာပေါ့)
…………….
…………….
ဒီဆိုင်နဲ့ပါတ်သက်လို့ပထမဆုံးအမှတ်တရကတော့ ကျွန်တော်ဟိုင်းကြီးကျွန်းကို ကွင်းဆင်းပြီးပြန်ရောက်ခါစမှာပေါ့။ ဆရာမဒေါ်ခိုင်သဇင်ကို တစ်ယောက် ထားဝယ်တက္ကသိုလ်ကွင်းဆင်းအဖွဲ့တွေနဲ့ ရှမ်းပြည်ဘက်ကိုကွင်းဆင်းဖို့ အလာ လမ်းခုလတ်မှာ မလွဲတောင်အနား သောင်းကျန်သူတွေဆက်ကြေးကောက်ရာက ပါလာတဲ့လုံခြုံရေးအဖွဲ့ တွေနဲ့ ပြသနာတက်ပစ်ခတ်ကြရာက လက်နက်ထိမှန်ကွယ်လွန်ပြီးမကြာမီပေါ့။
တကယ်စသောက်ဖြစ်ကြတာက လမ်းမတော်ကျုံးကြီးလမ်းထိပ်က သင်္ဘောကြီးပေါ်မှာပါ။ ဆရာမအတွက်ဝမ်းနည်းကြောင်း ဘာညာတွေပြောပြီးသောက်စားနေရာက ပိုက်ဆံရှင်းပြီး နွားကြီးဆိုင်ဘက်ထွက်လာကြတာကစ တာပါပဲ။
အတူသောက်လာကြတဲ့ တင်မောင် နဲ့ ကြက်ဖ(မင်းသား) တို့ ဘယ်ကနေဘယ်လို စ ငြိလာကြတယ်မသိပါဘူး။
နွားကြီးဆိုင်က တကယ်တော့ပိတ်နေပါပြီ။ စားပွဲထိုးကောင်လေးတွေတောင်အိပ်ယာတွေခင်းဘို့လုပ်နေကြပြီ။ သကောင့်သားနှစ်ယောက်ကတော်တော်ကို ပြင်းထန်နေကြတယ်။ မကြာပါဘူး ခြေတွေလက်တွေပါတော့မယ့် အနေအထားထိဖြစ်လာကြတယ်။ တစ်ယောက်က ၀ုန်းဆို ထလိုက်တယ်။ နောက်တစ်ယောက်ကလဲ ၀ုန်းကနည်းပေါ့။ ဘယ်ဆွဲလို့ရမလဲ။ ဆိုင်ရှင်နွားကြီးတောင်ရပ်ကြည့်နေရတာ။ ပါးစပ်ကတော့ မူးမူးနဲ့မလုပ်နဲ့ ဘာညာပေါ့။
ခွမ်း ခနည်းအသံကြားလိုက်တယ်။ လှမ်းကြည့်လိုက်တော့ ရန်ဖြစ်သူနှစ်ယောက်သားက တစ်ယောက်နဲ့ တစ်ယောက်ရင်ဘောင်တန်းလို့။ အွန် ..စဉ်းစားကြည့်လေ။ ထိုးကြကြိတ်ကြဆို နှစ်ယောက်မျက်နှာချင်းဆိုင်ရင် ဆိုင်ဒါမှမဟုတ်တယောက်ကရှောင်ရင်တစ်ယောက်ကလိုက်ထိုး ဒါမျိုးပဲဖြစ်နေရမှာ။ ခုတော့နှစ်ယောက်အပြိုင် ရင်ဘောင်တန်းပြီး ခပ်လှမ်းလှမ်းကနံရံကိုမျက်နှာမူနေကြတာ။ နံရံအောက်ခြေမှာတော့ ခုနက ခွမ်းခနည်းအသံ နဲ့အတူကွဲသွားတဲ့ ပန်းကန်ပြားတစ်ချပ်။
ခွမ်း ခနည်း နောက်ထပ်တစ်သံထွက်လာပြန်တယ်။ ဆဲဆိုသံတွေကောပေါ့။ တစ်ယောက်ကပန်းကန်တစ်ချပ် ကောက်ကိုင်ပြီးနံရံကိုပစ်ခွဲတာနဲ့ နောက်တစ်ယောက်ကတစ်ချပ်အားကျမခံခွဲနေလိုက်ကြတာ။
နွားကြီးခမျာ မျက်လုံးလေးအ၀ိုင်းသားနဲ့။
ခွဲစရာပန်းကန်တွေလည်းကုန်ရော နှစ်ယောက်သား ဘာမှမပြောတော့ပဲ အိမ်ပြန်သွားကြတယ်။ အော် သူငယ်ချင်းဆိုင်အသစ်ကလေးကို တခြားဆိုင်မှာ အ၀သောက်လာပြီးမှ တကူးတက လာပြီးရန်ဖြစ်ပြီးအားပေး သွားကြတာ ပန်ကန်အသစ်လေးတွေကုန်ရော။ စားပွဲထိုးချာတိတ်တွေတော့ အဲဒီညကပန်းကန်အကွဲတွေပေါ်ပဲ အိပ်ကြရတယ်ထင်ပါ့။ ခင်းထားကာစအိပ်ရာလေးတွေမှာ ပန်းကန်ကွဲတွေက ဖရိုဖရဲလေ။
……………..
……………..
ဒီလိုအဖွင့်လေးနဲ့စဖွင့်ခဲ့တဲ့နွားကြီးဆိုင်လေးဟာ..ခုအချိန်ထိသူငယ်ချင်းတွေဆုံဖြစ်နေကြတုံးပါ။
အကြောင်းတွေအမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးနဲ့သောက်နေကြတုံးပါ။
ဒီဆိုင်လေးမှာ
ခွဲခွာကြတဲ့သူငယ်ချင်းတွေ နှုတ်ဆက်ပွဲတွေရှိခဲ့တယ်။
ကျန်နေခဲ့တဲ့သူငယ်ချင်းတွေရဲ့လွမ်းဆွတ်မှုအထိမ်းအမှတ်တွေရှိတယ်။
ပြန်ရောက်လာတဲ့သူငယ်ချင်းတွေရဲ့ ပြန်လည်ဆုံဆည်းပွဲတွေရှိတယ်။
မဆုံတာကြာတဲ့ဆရာတွေနဲ့ဆုံပြီးရှေးဟောင်းနှောင်းဖြစ်တွေပြော ဆရာတွေရဲ့လက်ရှိကျောင်းအကြောင်းတွေ ပြောပြီး ကျောင်းသားဘ၀ပြန်လည်တမ်းတပွဲတွေရှိတယ်။
မင်္ဂလာဆောင်တဲ့သူငယ်ချင်းတွေရဲ့ လူပျိုဘ၀နှုတ်ဆက်ပွဲညတွေရှိတယ်။ (တောင်းပန်တဲ့သူတောင်းပန်ကြပေါ့)
မျှော်လင့်ခြင်းတွေရှိတယ်။
အရှုံးတွေရှိတယ်။
ပျော်ရွှင်ခြင်းတွေရှိတယ်။
တမ်းတခြင်းတွေရှိတယ်။
……………..
……………..
နွားကြီးဆိုင်လေးကို..
သူငယ်ချင်းတစ်ယောက်ရောက်လာခဲ့ဘူးတယ်။
မျှော်လင့်ခြင်းတွေနဲ့ သောကတွေနဲ့ပေါ့။
ဒီဆိုင်လေးကနေ စောင်လေးတစ်ထည်၊ ခြင်ဆေးခွေဗူး၊ ဖယောင်းတိုင်ထုတ်၊ ပိုက်ဆံလေးအနည်းငယ်နဲ့ သူထွက်သွားတယ်။
တစ်ဝမ်းတစ်ခါးလှသွားပါရဲ့။
ဖန်တီးမှုအချို့ချန်ထားခဲ့ပါရဲ့။
နောက်ဆုံးတော့ ဒီဆိုင်လေးကို ပြန်လာနှုတ်ဆက်ချိန်တောင်မရပဲ သူဘ၀ကိုအခွံတစ်ခုအဖြစ်ထားရစ်ခဲ့တယ်။
တကယ်တော့ နွားကြီးဆိုင်လေးဟာ ကျွန်တော်တို့ရဲ့ အထုပ္ပတ္တိတွေများစွာထဲမှာ ရှိနေအုံးမယ့်နေရာလေး တစ်ခုလည်းဖြစ်ပါတယ်။ ။
ဇေထက်
၎၊ ၁၂၊ ၂၀၁၁
နေ့လည် ၂း၀၂နာရီ