Geology '95 Intake (Dagon University)
ကျောင်းသားကျောင်းသူဟောင်းများနဲ့တကွ ဘူမိဗေဒနဲ့ဆက်နွယ်သူအားလုံးအတွက်...အလွမ်းပြေ..အပန်းပြေ..ဗဟုသုတရ..

Tuesday, May 17, 2011

ငါသွားသောက်ဖြစ်တဲ့ တိုကျိုမြို့ ကဘုံဆိုင်လေး..

ဇေကြီးရေ.......

မင်းတို့ နှင့်သွားသောက်ခဲ့တဲ့ ကြည်မြင့်တိုင်ညဈေးက ဘီအီးဆိုင်ကို လွမ်းတဲ့စိတ်နှင့်ပဲ အဲဒီဆိုင်နှင့် ပုံစံတူတဲ့ တိုကျိုမြို့ ပေါ်က ဘုံဆိုင်လေးကို ငါရောက်ဖြစ်ခဲ့တယ် သူငယ်ချင်း။ အဲဒီဆိုင်က တိုကျိုမြို့ ပေါ်က ယာကူဇာတွေကြီးစိုးတဲ့ ရှင်ဂျုကုမှာ(shinjuku)ရှိတယ်။ Jackie Chan ရဲ့ Shinjuku Incident ရုပ်ရှင်ကို မင်းကြည့်ဖူးလားမသိဘူး။ မကောင်းမှုဒုစရိုက်တွေ ကြီးစိုးတဲ့နယ်မြေပေါ့ကွာ..

ရှင်ဂျုကုဘူတာရုံရဲ့ အနောက်ဖက်ကထွက်ပြီး ၃မိနစ်လောက်လမ်းလျှောက်လိုက်ရင် အဲဒီဘုံဆိုင်လေး ကို ရောက်ပြီး။ ဆိုင်စုလေးတွေ အများကြီးပဲ။ ဆိုင်သေးသေးလေးတွေ ဆိုင်၃၀လောက်ရှိတယ်။ တဆိုင်ကို လူဆယ်ယောက်လဲပဲ ဆန့် တယ်။အရက်ဆိုင်၊ ခေါက်ဆွဲပြုတ်ဆိုင်၊ ခေါက်ဆွဲကြော်ဆိုင်၊အကင်ဆိုင် အစုံပဲ။ငါသောက်ဖြစ်တဲ့ဘုံဆိုင်က ဂျပန်အရက်(日本酒)ရောင်းတဲ့ ဆိုင်လေးပေါ့။ ငါ့မိတ်ဆွေ အကိုကြီးနှစ်ယောက်လည်းပါတယ်။ ငါတို့ ရောက်တော့ ဆိုင်ကဝက်သားစားလား လို့ မေးတယ်။စားတယ်လို့ ပဲ ပြန်ဖြေလိုက်တယ်။

အမြည်းကိုတော့ ရုံပတီးသီးကင်၊ ဝက်အူကင်၊ ကြက်အသဲအမြစ်ကင်၊ အမဲအူပြုတ်၊ အရက်ကို ဆာကေးမှာလိုက်တယ်။ ရုံပတီးသီးတွေကို ဝက်အူတွေပြုတ်ထားတဲ့ အရည်အိုးထဲ နှစ်ပြီးမှကင်တယ်။ အဲဒါကြောင့် ဝက်သား စားလားလို့  မေးတာကိုး။ အမြည်းမရောက်ခင်မှာပဲ အရက်လာချတော့ ကမ်းပိုင့် (ဂျပန်လို cheer) လုပ်ပြီး စသောက်ကြတာပေါ့။

ဇေကြီးရေ.....

ငါအကြောင်းသိတယ်မို့ လား? ငါကမသောက်ပဲနှင့်လည်း တစ်လ၊တစ်နှစ်နေရင်နေနိုင်တယ်။ ဒါပေမဲ့ တစ်ခွက်ဝင်ပြီးရင်တော့ မရတော့ဘူး။ မမူးမချင်းသောက်တော့တာပဲ။တော်ရုံသောက်လို့ မမူးတော့လည်း တော်တော်သောက်ရတာပေါ့။

ဒီလိုနှင့်ပဲ အမြည်းကလေးစားလိုက်၊ အရက်ကလေးသောက်လိုက်နှင့် အာသွက်လျှာသွက်ဖြစ်လာပြီး စကားကတော်တော် များလာတယ်။ ဆိုင်ထဲမှာကလည်း ငါတို့ ဝိုင်းအပြင် အဘိုးကြီးလင်မယားကတဝိုင်း၊ အခြားသုံးယောက်လောက်ပဲရှိတယ်။ ဆိုင်ကကျဉ်းတော့ အဲဒီလောက်ပဲ ဆန့် တယ်။ စကားပြောတာ တဖြည်းဖြည်းနှင့် အသံကျယ်လာတော့ ဘေးဝိုင်းက အဘိုးကြီးလင်မယားက "မင်းတို့ ဘယ်နိုင်ငံကလဲ ? "မေးတော့ "မြန်မာနိုင်ငံ" ကလို ပြန်ဖြေလိုက်တယ်။ "မသိဘူးတဲ့ " ။ အရင်က ဗမာနိုင်ငံလို့ ခေါ်တယ်ပြောတော့မှ "သိပြီးသိပြီး ++++စန် (ဦး/ဒေါ်)တို့ နိုင်ငံက မဟုတ်လားတဲ့? "

သြော်ငါတို့ နိုင်ငံမှာ ကမ္ဘာနှင့်ချီပြီး သိတဲ့လူရှိတာပဲ။

အရက်သောက်တာအရှိန်ရလာတော့ တက္ကသိုလ်ကျောင်းသားဘဝအကြောင်း၊ ချစ်ဦးသူရဲ့  အကြောင်း နှလုံးသားခံစားချက်တွေကို ရင်ဖွင့်ကြတာပေါ့။ အဲဒီမှာပဲ ငါ့သူငယ်ချင်းပြောတဲ့စကားကနေ မှတ်သားစရာတွေရခဲ့တယ်။" မိန်းမတွေရဲ့ အရွယ်တွေကို ဘောလုံးနှင့် ခိုင်းနှိုင်းပြတယ်။ အသက်နှစ်ဆယ်အရွယ်ကို ဘောလုံးနှင့်တူတယ်တဲ့။ ဘာဖြစ်လို့ လဲဆိုတော့ သူ့ ကိုဝိုင်းလုနေတာ ၂၂ယောက်လောက်တောက်ရှိတာကိုး။ နှစ်ဆယ့်ငါးနှစ်ကျတော့ ဘတ်စကတ်ဘောလုံး၊ သုံးဆယ်အရွယ်ကျတော့ တင်းနစ်ဘောလုံး၊ သုံးဆယ်ကျော်ပြီးဆိုရင်တော့ ဂေါက်သီးဖြစ်သွားပြီး။ ရိုက်မဲ့လူကတော့ တစ်ယောက်ပဲရှိတော့တယ်တဲ့။" ငါပြောတာမဟုတ်ဘူးနော်။ အသက်၃၀ကျော် အပျိုကြီးသူငယ်ချင်းတွေက ငါ့ကိုဝိုင်းရိုက်မှာစိုးလို့ ။

စကားကလည်းပြောလို့ ကောင်းသလို၊ အရက်ကလည်း တော်တော်သောက် လို့ ကောင်းတယ်။ တော်တော်လည်း မူးနေပြီးဆိုတော့ ငွေရှင်းပြီး ပြန်ကြတာပေါ့။ ဘုံဆိုင်နှင့် နှစ်ဆိုင်ကျော်မှာ ခေါက်ဆွဲကြော်ဆိုင်ေ တွ့ တော့ စားချင်တာနှင့်ပဲ ဝင်စားဖြစ်တယ်။ ပူပူနွေးနွေးဆိုတော့ စားလို့ ကောင်းသား။ မူးနေတာကြောင့်လည်း ဖြစ်နိုင်တယ်။ စားရင်းနှင့်ပဲ ဆိုင်ရှင်အဘွားကြီးနှင့် စကားပြောဖြစ်တော့ "ဆိုင်သက်တမ်းဘယ်လောက်ရှိပြီးလဲ"လို့ မေးလိုက်တယ်။ မျိုးဆက်သုံးခု ရှိပြီးတဲ့။ အထဲမှာ ကြော်ချက်နေတဲ့သူကိုတွေ့ တော့ "ခင်ဗျားသားလား"လို့ မေးတော့ အဘွားကြီးကမျက်စောင်းထိုးတယ်။ ရိုက်မထုတ်တာ ကံကောင်းတယ်။သူ့ ယောင်္ကျားတဲ့။ ဟဲဟဲ လွဲလိုက်ပုံများ။ မြန်မြန်စားပြီးတော့ ငွေရှင်းပြီ်း ဘူတာရုံ ကို ပြေးတော့တာပဲ။ဘူတာရုံမှာပဲ လူစုခွဲပြီး အိမ်ပြန်ကြတယ်။

ရထားပေါ်ရောက်တော့ မတ်တပ်ရပ်ပဲ စီးဖြစ်တယ်။ ထိုင်စီးဖြစ်ရင် မူးမူးနှင့် အိပ်ပျော်သွားမှာ စိုးလို့ ။ နှစ်ဘူတာစီးပြီးတော့ ညောင်းညောင်းနှင့် ဝင်ထိုင်လိုက်တာ အိပ်ပျော်သွားတယ်။ ဘူတာရုံစောင့် လာနှိုးတော့ မှပဲ နိုးတော့တယ်။အိပ်ချင်မူးတူး၊ အရက်မူးမူးနှင့် ရထားအပြင်ထွက်လိုက်တော့..... တော်သေးတာပေါ့ ..ငါဆင်းရမဲ့ဘူတာပဲ။ (တိုကျိုမြို့ ပတ်ရထားမှာ ဂိတ်ဆုံးဘူတာရုံ သုံးခုရှိတယ်။ နှစ်ခုက ငါ့အိမ်နှင့် လမ်းလျောက်ရင် ဆယ်မိနစ်ပဲ။ ကျန်တဲ့တစ်ခုက အခြားတဖက်မှာ တော်တော်ဝေးတယ်) ရထား တိုကျိုမြို့ ကိုပတ်နေတာ နှစ်ပတ်တောက်ရှိပြီး။ နံနက်၁နာရီတောင်ထိုးနေပြီး။ ဘူတာရုံကနေ အိမ်ကို လမ်းလျောက်ပြန်ပေါ့။ကောင်းကင်ကို မော့ကြည့်တော့မှပဲ ဝိုင်းစက်နေတဲ့ လမင်းကြီးကို တွေ့ တော့တယ်။ လပြည့်နေပဲ။

ဇေကြီးရေ....

ငါနေချင်တာက အေးမြတဲ့ လရိပ်အောက်မှာ၊ နေနေရတာက ပူလောင်တဲ့ နီယွန်မီးတွေရဲ့ အောက်မှာ။ မူးမူးနှင့် ငါရဲ့ အိမ်အပြန်လမ်းမှာ လမင်းကြီးကထိန်ထိန်သာနေပေမဲ့ အေးမြတဲ့လရိပ်တွေကတော့ ပျောက်ဆုံးနေဆဲပါပဲ။

by Kyaw Zay Myint on Friday, 03 September 2010 at 19:41
@ Facebook

ယမကာလုလင်များနှင့် ကျွန်တော်...

၂၀၀၁ခုနှစ်၊ မတ်လ၊ တက္ကသိုလ်ဒုတိယနှစ် စာမေးပွဲ၏ နောက်ဆုံးနေ့ ။

နွေရာသီကျောင်းပိတ်ပြီးဖြစ်၍ နယ်ပြန်မည့်ကျောင်းသားများလည်းရှိသည်။ ရန်ကုန်မှာဆက်နေမည့်သူများလည်း ရှိသည်။ သင်္ကြန်ကာလတွင် ပြန်ဆုံချင်မှလည်း ဆုံကြမည်။ ကျွန်တော်တို့ တက္ကသိုလ်မှာ မည်သူကစတင်ခဲ့မှန်းမသိသောဓလေ့တွေ ရှိသည်။ စာမေးပွဲနောက်ဆုံးနေ့ မှာ ရေလောင်းသောဓလေ့တစ်ခုလည်း အပါအဝင်ဖြစ်သည်။ ကျွန်တော်တို့လည်းသင်္ကြန်ကာလ တွင် ပြန်ဆုံခွင့်ရချင်မှရမည့် ကျောင်းသူများကို ရေလိုက်လောင်းကြသည်။ ကျွန်တော်ကတော့ ရေပုံး၊ ရေခွက်တွေယူလာသည်။ ဝင်းမင်း နှင့် စိုးထွဋ်အောင် တို့ က ရေခဲတုံးများကိုပင် ယူလာကြသည်။ ကားကတ်ဆက်မှာလည်း တူးပို့ တူးပို့ ၊ မန်းတောင်ရိပ်ခို သီချင်းများပင် ဖွင့်လိုက်သေးသည်။ ကျွန်တော်တို့  ဘူမိဗေဒဋ္ဌာနရှေ့ မှာ သင်္ကြန်မဏ္ဍပ်တခုကဲ့သို့ ပင် စည်းကားလှသည်။

ကျွန်တော်တို့ ကလည်း လာသမျှကားမရှောင်၊ ခရီးသည်တင်လိုင်းကားလည်းပက်၊ ကိုင်ပိုင်ကားလည်းပက်၊ ပက်ချင်တိုင်းပက်ကြကုန်၏။ ခဏကြာတော့ ကျွန်တော်တို့ ဘူမိဗေဒဋ္ဌာနရှေ့ မှာ ဖြတ်လျောက်မည့် ကျောင်းသူများမရှိတော့ ပါ။ ရေလောင်းခံရသော ကျောင်းသူများကလည်း မော်ကွန်းထိန်းရုံးသို့  သွားရောက်တိုင်ကြားကြကုန်၏။ မော်ကွန်းထိန်းရုံးမှ ဆရာတစ်ယောက်ရောက်လာပြီး ဆူပူကြိမ်းမောင်းတားမြစ်သော်လည်း ဆက်ပက်မြဲဆက်ပက်ကြ၏။နောက်တော့ကျွန်တော်တို့  ပါမောက္ခ ဆရာကြီးဦးလှကြည် နှင့် မော်ကွန်းထိန်းဆရာ ဦးဝင်းဆွေ (ယခင်က ဘူမိဗေဒ သရုပ်ပြဆရာ)တို့ လာရောက် ပြီး မေတ္တာရပ်ခံတားမြစ်မှသာ အပက်ရပ်ကြကုန်၏။ ဘူမိဗေဒကျောင်းသားမှာ ချော့၍ ဆုံးမမှသာ နာခံကြသည်။ဆူပူကြိမ်းမောင်း တားမြစ်လို့ ကတော့ အတိုက်အခံပင်ပြန်လုပ်တတ်သည်။(ဘူမိဗေဒ ကျောင်းသားများ၏ အကျင့်)

ကျောင်းမှာရေပက်လို့ မရတော့ဘူးဆိုတော့ ဘယ်သွားကြမလဲဟု တိုင်ပင်ကြပါသည်။ဘီယာဆိုင်သို့  သွားရန် ကျောင်းသားအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ဒီလိုနှင့်ပဲ ဘုန်းကြီးလမ်းရှိ Day & Night ဘီယာဆိုင်ကို သွားကြသည်။

ဆိုင်ရောက်တော့ ဘီယာတွေ၊ အရက်တွေ မှာပြီး Cheer လုပ်ကြသည်။ ခဏကြာတော့မူးကြရူးကြ ကုန်တော့သည်။ ဆိုင်က အဆိုတော်မလေးများကို ပန်းကုံးဆုချသူများလည်း ရှိသည်။ စင်ပေါ်တက်၍ ကွေးအောင်ကကြသူများလည်း ရှိသည်။ ဆိုင်ထဲမှာ ရေပက်ကြသူများလည်း ရှိသည်။

ခဏကြာတော့ ဆိုင်ထဲမှာ တခြားဧည့်သည်များ မရှိတော့ပါ။ ကျွန်တော်တို့ သူငယ်ချင်းတစုပဲကျန်တော့သည်။ အယောက်လေးဆယ်ကျော်လောက် ရှိလိမ့်မည်ထင်သည်။ အဆိုတော်မလေးများကလည်း သီချင်းထွက်မဆိုရဲတော့ပါ။ ဘယ်ဆို ရဲတော့မှာလဲ..... တင်မောင်မောင်လှိုင်ထွန်း (နှာဘူးမောင်မောင်) က မူးမူးနှင့် စင်ပေါ်တက်ပြီး ကွေးအောင်က၊ ပြီးတော့ အဆိုတော်မလေးများကို ရေလိုက်လောင်းပါသည်။ ဘယ်သူမှ ထွက်မဆိုတော့လည်း ရတာပေါ့။ မိုက်ခရိုဖုန်းမြင်ရင် မနေနိုင်သော တင်မောင်လတ် (KFA စီးရီးခွေဖြင့် နာမည်ကျော်ကြားသွားသူ) ရှိတာပဲ။ စင်ပေါ်တက်ပြီး"ရှမ်းပဲပုတ်လးကျွန်တော်"တက်ဆိုပါသည်။ ကျွန်တော်တို့ ကလည်း မူးမူးနှင့် ရှမ်းအကလေးများပင် ကလိုက်ကြသေးသည်။ပျော်ဖို့ ကောင်းလိုက်တာ။

ဆိုင်ပိတ်ခါနီးပြီးဖြစ်၍ ဆိုင်သို့ ငွေရှင်းရန် အောင်နိုင်ထွန်း (ယခု သရုပ်ဆောင်မင်းသား) မှ ဦးဆောင်ပြီး ငွေလိုက်ကောက်ပါသည်။ ထည့်ကြတာပေါ့ ၁၀၀၀၊ ၂၀၀၀၊ ၃၀၀၀။ တချို့ ကြတော့လည်း ၁၀၀၀၀၊ ၂၀၀၀၀။ နောက်ဆုံး Cheer လုပ်ရန် ထပ်မှာပြီး သောက်ကြပါသည်။ အကုန်လုံးလည်း တော်တော်မူးနေကြပြီး။ ဆိုင်လည်းပိတ်တော့မယ်ဆိုတော့ ပြန်ကြမယ်ပေါ့။

အဲဒီမှာ စတွေ့ တော့တာပါပဲ........

စာပွဲထိုးမှ ငွေရှင်းရန်ပြောလာပါသည်။ ငွေလိုက်ကောက်တဲ့ အောင်နိုင်ထွန်းကို ရှာကြပါအုံး ဆိုတော့....နောက်ဖေးသွားမယ်ဆိုပြီး နောက်ပေါက်က လစ်သွားပြီးတဲ့။ ++++ အသံတွေကို စုံလို့ ၊ ဒီကောင့်ကို ဝိုင်းပြီး မေတ္တာပို့ ကြတာပေါ့။ငွေထပ်စုတော့ မလောက်တော့ပါ။ ဘယ်လိုလုပ်မလဲတိုင်ပင်ကြတော့ ထွန်းထွန်းလင်းက မေဖလားဝါး ATM ကို သွားပြီးငွေသွားထုတ်ရန် အကြံပေးလာပါသည်။ ဒါနှင့်ပဲ ကျွန်တော်တို့ တဖွဲ့ က ATM စက်ဆီချီတက်ပေါ့။ မူးမူးနှင့် နှိပ်တော့ password မှား ထုတ်လို့ မရ။ တော်တော်ကြာကြာ ကြိုးစားကြသေးသည်။ဘယ်လိုမှမရတော့ နောက်ဆုံးတော့ ထွန်းထွန်းလင်းမှ သူ့ အိမ်သို့ သွားပြီး သွားယူတော့သည်။

ငွေရလာတော့ ဆိုင်ကိုပြန်ပြေးပေါ့။ ဆိုင်ကိုရောက်တော့ ဆိုင်ကပိတ်နေပြီး။ သူငယ်ချင်းတွေကတော့ ပလက်ဖေါင်းပေါ်မှာ အန်သူကအန်၊ လဲသူကလဲ...ဒါပေမဲ့ အစောင့်အကြပ်ကလေးတွေနှင့်ဗျာ။ ဆိုင်ကစားပွဲထိုးလေးများ က ငွေမရှင်းပဲ ထွက်ပြေးမှာစိုးလို့  စောင့်ကြည့်နေလေရဲ့ ။ဆိုင်ကို ငွေရှင်းပြီး လူစုခွဲကြပေါ့။အင်းစိန်ဘက်ပြန်မဲ့သူတွေက ကျွန်တော့်ကားနှင့် လိုက်ပေါ့။ ကျွန်တော်ကတော့ တော်တော်မူးနေ၍ ကားမမောင်းနိုင်ပါ။ ကားမောင်းပေးမည့် သူငယ်ချင်းက အဲဒီတုံးက မသောက်တတ်လို့ တော်သေးသည်။ သူကပဲ တယောက်ချင်း အိမ်လိုက်ပို့ ပေးပါသည်။

နောက်ဆုံး ကျွန်တော်အိမ်ရောက်တော့ နံနက် ၁ နာရီခွဲနေပြီး။ မီးကပျက်နေသေးသည်။ မူးမူး နှင့် အိမ်အပေါ်ထပ်ရောက်အောင် မနည်းတက်ယူရသည်။ အမေကတော့ အိပ်နေပြီး။ မှောင်မှောင်ထဲမှာပဲ အမေ့ကုတင်ခြေရင်းက ပုဆိုးယူပြီး လဲရသည်။ ပုဆိုးက ဝတ်လို့ မရ။ အရက်သောက်တာများသွားလို့  ဗိုက်ပူလာတာလား ? ရေလျှော်လိုက် ပုဆိုးအနံကျဉ်းသွားတာလား? ကြာကြာမစဉ်းစားနိုင်၊ မူးမူး နှင့် ပုဆိုးလေးခြုံ၍ အိပ်လိုက်တော့သည်။

နံနက်မိုးလင်းတော့ အမေ့အင်ဒိုနီးရှားပါတိတ်က ကျွန်တော့်ခါးမှာ ပတ်လျက်သား.......

(95 Batch ဘူမိဗေဒသူငယ်ချင်းများကို ရည်ရွယ်ရေးသားပါသည်။ အမှားများပါလျှင် ခွင့်လွတ်ပါကြပါ)

by Kyaw Zay Myint on Wednesday, 29 September 2010 at 11:35
@ Facebook

ညက ဘ၀တစ်ချို့ ကုန်လွန်သွားကြတယ်..

ည ၈ နာရီခွဲတော့မယ်..

ဖုန်းသံတစ်ချက်မြည်လာတယ်…ငလျင်လှုပ်တယ်တဲ့…

CNN ကိုပြောင်းကြည့်လိုက်တော့ Google Earth Image ပေါ်က ငါအကျွမ်းတစ်ဝင်ရှိခဲ့ဘူးတဲ့နေရာတစ်ခုကိုညွှန်းထားတဲ့ ငလျင်ဗဟိုချက်…

ကြေညာသူရဲ့စကားသံမှာ 7.0 ပြင်းအားရှိတဲ့ very shallow ဆိုတဲ့ငလျင်အချက်အလက်တွေအဆက်မပြတ်..

မြင်လိုက်ရတဲ့မြေပုံမှာ အပြင်းထန်ဆုံးသက်ရောက်ခံစားရတဲ့နေရာတွေ..

…………

…………

ဒီဒေသတွေမှာ…

ဒီဒေသခံတွေပြတဲ့လမ်းအတိုင်းလျှောက်…ကွင်းဆင်းရင်း..လုံခြုံချမ်းမြေ့ခဲ့ဘူးတယ်..

ဒီဒေသခံတွေတိုက်တဲ့ရေနွေးကြမ်းသောက်ရင်း…ငါအမောပြေခဲ့ဘူးတယ်...

သူတို့ကျွေးတဲ့ကောက်ညှင်းစားရင်း..တစ်ဝမ်းတစ်ခါးလှခဲ့ဘူးတယ်..

သူတို့ပြုံးသလိုလိုက်ပြုံးရင်း..အခက်အခဲတွေမေ့ပျောက်ထားနိုင်ခဲ့ဘူးတယ်..

အဲဒီမှာ..

ရှမ်းရိုးမကြီးရယ်..ရှမ်း..အခါ..လားဟူ..စတဲ့ညီအစ်ကိုတွေရှိတယ်..

သူတို့တွေဒုက္ခရောက်တော့..ငါ..

သူတို့အတွက်အရိပ်လေးတစ်ခုတောင်မလုပ်ပေးနိုင်..

ရေလေးတစ်ခွက်တောင်မကမ်းနိုင်..

ထမင်းတစ်လုပ်တောင်မကျွေးနိုင်..

နှစ်သိမ့်မှုလေးတစ်ခုတောင်မပြုနိုင်..

ခွင့်လွှတ်ပါမောတို့မြေရယ်..

………….

………….

ဒီနေ့ သတင်းထုတ်လွှင့်ချက်တစ်ခုမှာ..၇၆ယောက်သေသွားပြီတဲ့..

အပျက်အစီးတွေအောက်မှာညည်းသံတွေနောက်ထပ်ရှိနေတုန်းပဲတဲ့..

တာချီလိတ်..တာလေ..မိုင်းဖြတ်..တဲ့..

မိုင်းကိုးအုပ်စု..နားအွန်အုပ်စု..ကျကုနီအုပ်စု..မိုင်းဟဲအုပ်စုတဲ့..

ငါရောက်ခဲ့ဘူးသမျှနေရာတော်တော်များများ..

တစ်ခါငါဝယ်ခဲ့ဘူးတဲ့..တာလေကစတိုးဆိုင်..ပြိုလဲ..

ငါဖြတ်ခဲ့ဘူးတဲ့တံတား..နိမ့်ဆင်း..လမ်း..အက်ကွဲ..

အို..ငါစကားပြောခဲ့ဘူးတဲ့သူတွေကော…

…………..

………….

တစ်ချို့ကလွင်ပြင်တွေမှာ..နေတယ်..

တစ်ချို့ကတောင်တန်းတွေပေါ်မှာ..နေတယ်..

တစ်ချို့ကငါပြောသမျှ..နားလည်တယ်..

တစ်ချို့ကသူတို့ပြောတာ..ငါနားမလည်..

ဘာပဲဖြစ်ဖြစ်..

ဒီမြေပြင်ပေါ်ကနေတစ်နေ့နေ့ထွက်သွားရမယ်..

ဘာဖြစ်လို့များတစ်စုတစ်ဝေးတည်း ထွက်ခွာစေရတာလဲ..

ကမ္ဘာမြေရယ်..

ကျန်ခဲ့သူတွေကြေကွဲခြင်းကင်းမယ်ထင်သလား..

ငိုသံနဲ့ငတ်မွတ်မှုတို့ကင်းအောင်ဆောင်ကြဉ်းကြပါ..

.............

.............

ဒီတစ်ခါငါရောက်ဖြစ်ခဲ့ရင်..ငါမိတ်ဆွေတွေရယ်..ပြန်ဆုံပါရစေ..။

by Zay Htet on Friday, 25 March 2011 at 21:12

ဆရာကျော်ကပြောဘူးတယ်..အချစ်ဆိုတာ...တဲ့

ဟိုးလွန်ခဲ့တဲ့ ၂၀၀၁လောက်ကပေါ့..ကျောက်ဆည်-နွားထိုးကြီး ကွင်းဆင်းပြီး ရန်ကုန်ပြန်ရောက်တော့ ကွင်းဆင်းအစီရင်ခံစာ တွေလုပ်ရင်းနဲ့ တင်မောင်လတ်နဲ့ကျွန်တော်တို့သူငယ်ချင်းတစ်စုခေါင်းစဉ်လေးတစ်ခုရွေးချယ်ပြီး အများအမြင်ကောက်ယူတဲ့ အစီအစဉ်လေးတစ်ခုလုပ်ဖြစ်ကြတယ်..
ဒီခေါင်းစဉ်လေးကတော့ “အချစ်ဆိုတာ...” ဆိုပြီးပဲဖြစ်ပါတယ်..
အဓိပ္ပါယ်လိုက်ဖွင့်ခိုင်းတဲ့သဘောပေါ့..
အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြတာပေါ့လေ..
အစတော့သူငယ်ချင်းတွေလောက်ပဲလိုက်မေးရင်းနဲ့ နောက်ပိုင်းဆရာဆရာမတွေကိုပါမေးဖြစ်တယ်ပေါ့..
ကျောင်းသားအချင်းချင်းတွေမေးတုန်းကတော့ ကျောင်းတွေပြန်ဖွင့်စ ရင်တွေပြန်ခုန်ကြစဆိုတော့ တုံ့ပြန်ချက်တွေက နုရွလို့..
ဆရာမအပျိုကြီး..အပျိုလေးတစ်ချို့ကြတော့ လက်တွေ့ဆန်ရင့်ကျက်လာသလိုလိုတွေ့ရတယ်..
အပျိုလေးဆရာမတွေကတော့ တိုးသာဆုတ်သာ အဖြေမျိုးပေးကြတာပေါ့..
ရှေ့က “အချစ်ဆိုတာ”ဆိုရင် နောက်ကဖြည့်လိုက်တာက “အသေအချာမသိဘူး” ဆိုတာမျိုး... “နားမလည်ဘူး”ဆိုတာမျိုးရေးကြပါတယ်..
အဲ..မှတ်မှတ်ရရ..အဲဒီတုန်းကအိမ်ထောင်မပြုတော့ဘူးရယ်လို့ထင်ရလောက်တဲ့..ဆရာမတစ်ယောက်ကတော့ ခပ်ပြင်းပြင်းပဲ..
“ လုံးဝ..အယုံအကြည်မရှိဘူး” ဆိုပဲ..(တစ်ခါတစ်ခါ လောကကြီးကဆန်းကြယ်ပါတယ်..ဆရာမဟာသိပ်မကြာခင်မှာပဲ..
ဒဂုံတက္ကသိုလ်ကနေ..တောင်ကြီးတက္ကသိုလ် ကိုပြောင်းသွားရပြီး လုံးဝ..အယုံအကြည်မရှိခဲ့တဲ့ အချစ်ကို ရှာဖွေတွေ့ရှိသွားပါတယ်..)

အဲဒီလိုရေးပေးနေကြရင်းနဲ့ ဆရာဦးကျော်မင်းကို ရေးခိုင်းတော့ ဆရာကသူ့လက်ရေးခပ်စောင်းစောင်း (ဘယ်နဲ့ရေးတော့ညာဘက်ကိုစောင်းလို့..)လေးနဲ့ရေးပေးလိုက်ပါတယ်..
ဆရာရေးပေးလိုက်တဲ့ စာလေးကိုဖတ်ပြီး ကျန်တဲ့သူတွေတော့မသိဘူး..ကျွန်တော့ရင်ထဲမှာ ခံစားချက်တစ်ခုကျန်နေခဲ့ရပါတယ်..သူရေးတဲ့စာလေးကိုဖတ်ပြီး ကိုယ့်ခံစားချက်တွေနဲ့လိုက်ပြီးချိန်ထိုးကြည့်ခဲ့မိတာအခါခါပါပဲ..ဒီလိုပဲဆရာကောဒီလိုခံစားရတာတကယ်ပဲအစစ်အမှန်လား..ဒါဆိုသူ့အချစ်ကဘာလဲ..ဘယ်လိုလဲ..ဆိုပြီးတွေးနေခဲ့မိတာ..ဘွဲ့ရလို့ဒီအချိန်ရောက်တဲ့အထိပါပဲ..ဆရာ့အကြောင်းကိုကြားနေရသမျှ..ဒီပေတံလေးနဲ့ထုတ်ထုတ်ပြီးတိုင်းနေမိတာလဲကြိမ်ဖန်များစွာပါပဲ..
ဒီလိုနဲ့ပဲ..ဆရာရေးပေးလိုက်တာလေးကို မမေ့နိုင်ဖြစ်ခဲ့ရင်းကပဲ...
==============================================================

တစ်နေ့ကကျွန်တော်တို့ဘက်မှာဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်..
ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ချစ်သူတွေဖြစ်ခဲ့ကြတာလေးနှစ်တောင်ရှိခဲ့ပြီတဲ့..
မတိုင်ခင်ကတော့ကောင်လေးကရည်းစားတွေများခဲ့တယ်တဲ့..ကောင်မလေးကလည်းပတမဆုံးအချစ်တော့ဟုတ်လိမ့်မယ်မထင်ပါဘူး..
ဒီလိုနဲ့လက်ထပ်သင့်တဲ့ကာလတစ်ခုကိုရောက်လာပြီလို့သိလာကြတယ်လေ..
ချစ်သူတွေချစ်နေကြရုံကာလမှာသိပ်ပျော်စရာကောင်းသလောက်လက်ထပ်ဖို့ရယ်လို့စတွေးမိလိုက်တာနဲ့ သောကတွေတနင့်တပိုးနဲ့ပြတ်စဲခြင်းကာလရဲ့ကနဦးနေ့ရက်တွေရောက်လာတတ်တာပဲလို့ အစ်ကိုတစ်ယောက်က နင့်နင့်သီးသီးနဲ့ ပြောဘူးပါတယ်..
ဒိလိုပဲနေမှာပေါ့ သူတို့နှစ်ယောက်ကြားမှာ..သံသယနဲ့အယုံအကြည်ကင်းခြင်းဟာတဖြည်းဖြည်းနေရာယူလာကြပါတော့တယ်..
အခုခေတ်လူငယ်အချို့ရဲ့ပြည့်စုံအောင်မြင်မှုဆိုတဲ့သီအိုရီမှာ..အမှီအခိုဆိုတဲ့ဝေါဟာရပါနေတတ်တာလဲတစ်ကြောင်းရှိမှာပေါ့လေ..
တစ်နေ့မှာကောင်မလေးက..ကောင်လေးကို..သူနေတဲ့ FMI အိမ်ယာထဲက ကောင်မလေးအစ်မ၀မ်းကွဲတစ်ယောက်ရဲ့ အလှပြင်ဆိုင်လေးကိုခေါ်ပြီး..ကောင်လေးရဲ့အသိတရားထဲကိုသေချာမှုတစ်ခုထည့်ပေးလိုက်ပါတယ်..
သူမမှာအားထားရလောက်တဲ့ နောက်တစ်ယောက်ရှိနေပြီဖြစ်တဲ့အကြောင်း အားကိုးစရာမရှိတဲ့ ကောင်လေးကိုမယူနိုင်တဲ့ အကြောင်းပြောပြလိုက်ပါတယ်..
ကြားဖူးထားတဲ့သတင်းတွေနဲ့တင် ကိုယ့်ကိုကိုယ်သတ်သေဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားထားတဲ့ ကောင်လေးဟာ.. ဒီတစ်ခါမှာတော့ သူချစ်တဲ့ကောင်မလေးလေးကို ဓါးနဲ့ ဆယ့်တစ်ချက်တိတိထိုးသတ်လိုက်ပါတယ်..
ပြီးတော့ အော်သံတွေ..နောက်ကလိုက်လာတဲ့ခြေသံတွေကိုထားရစ်ပြီး မလှမ်းမကမ်းက လှိုင်မြစ်ရဲ့ ကိုင်းတောတွေအလွန် ရေပြင်အောက်မှာ သူ့ဘ၀ကိုအဆုံးသတ်လိုက်ပါတော့တယ်.. နောက်နှစ်ရက်လောက်အကြာ ကြည့်မြင်တိုင်ဘက်မှာ အ၀တ်အစားနဲ့လက်စွပ်လေးကလွဲလို့ ဘယ်သူမှမမှတ်မိနိုင်တဲ့ သွင်ပြင်နဲ့ သူအလောင်းပေါ်လာချိန်မှာတော့ အရာရာဟာပြန်ပြင်လို့မရတော့တဲ့ အခြေအနေတစ်ခုနဲ့ပဲ မိသာစုနှစ်စုလုံးဟာ သူတို့ရဲ့သားသမီးတွေကို ဆုံးရှုံးလိုက်ခဲ့ရပြီဖြစ်ပါတယ်..
==============================================================

ဒီဖြစ်ရပ်လေးကိုကြားလိုက်ရပြန်တော့ ဆရာကျော်ရေးပေးတဲ့ စာတိုလေးကိုပြန်သတိရမိလာပြန်ပါတယ်..
ကျွန်တော်တို့က...
“ အချစ်ဆိုတာ..”လိုစထားပေးပေမယ့် ဆရာက ဒါလေးကိုပဲပြန်ကူရေးပေးပြီး
“အချစ်ဆိုတာ..ကောင်းပါတယ်...
အရမ်းချစ်သွားရင်သာ..မကောင်းတာပါ” တဲ့..

(တစ်ခါဆီက သူငယ်ချင်းများသို့)

by Zay Htet on Thursday, 29 July 2010 at 20:18

ကျွန်တော်တို့သောက်ဖြစ်ခဲ့သော ဘုံဆိုင်များ..(၂)

အပြင်မှ မိုးတွေစွေနေတယ်..

ပြူတင်းတံခါးအပြင်က အေးမြမြရာသီဥတုက ငါရှိနေတဲ့အခန်းကို ထိုးဖောက်လာတယ်..

တစ်နေကုန်မှိုင်းနေတဲ့ဝန်းကျင်က လုပ်လက်စအလုပ်ကို စိတ်ဝင်စားမှုကုန်ခမ်းအောင်ကိုတတ်နိုင်ပါရဲ့..

ငါဘာဖြစ်ချင်နေသလဲ..မသိတတ်အောင်ပါဘဲ..

အရင်ကတော့ ဒီလိုမိုးတွေရွာနေရင်...

...............

...............

သူငယ်ချင်းရေ..

တစ်ချိန်တုန်းဆီက ဒီလိုနေ့မျိုးတွေမှာ အနည်းဆုံး သုံးယောက်လောက်ဆုံလိုက်တာနဲ့ တစ်ဆိုင်ဆိုင်ရောက်သွားတတ်စမြဲပဲလေ..

နောက်မှထုံးစံအတိုင်းပဲ..တင်မောင့် Hand Phone ယူပြီး နွားကြီး ဖုန်းဆက်ခေါ်လိုက်တာနဲ့ လူစုံပြီးတလွဲဖြစ်ကြတော့တာပဲလေ..

မှတ်မှတ်ရရ..

ငါတို့ရောက်ဖြစ်ခဲ့တဲ့ဆိုင်လေးတစ်ဆိုင်ပေါ့..

ခုတော့လည်း ဆိုင်ကြီးတစ်ဆိုင်ဖြစ်သွားပါပြီ..

အရင်ငါတို့ထိုင်နေကြ နေရာမှာလည်းမဟုတ်တော့ဘူးလေ..

နေရာက..မောင်မောင်နေတဲ့ ၂ လမ်းထိပ်..အနော်ရထာလမ်းပေါ်က ကြက်တောင်ရုံနား မှာ..

မောရွှေလီ ဆိုတဲ့ဆိုင်ပေါ့..(ခုတော့ဟိုပြောင်းလိုက်..ဒီပြောင်းလိုက်နဲ့ နောက်ဆုံး ၂ လမ်း နဲ့ ကမ်းနားလမ်းထောင့်ရောကနေရဲ့ )

..............

..............

သူကငါတို့အတွက်တော့ ဖေးဗရိတ်အဖြစ်ဆုံး..အခေါက်ကင်၊ နံကင်ရယ်..

ငါးကလေးကြော်ရယ်..မြန်မာဘီယာရယ်ပေါ့..

နောက်သတိရစရာတစ်ခုက ပိုက်ဆံရှင်းတော့မယ်ဟေ့ဆို Calculator လေးကိုင်ပြီးရောက်လာတတ်တဲ့ တရုတ် အောင်စိန် ပေါ့..

မှာထားသမျှတွေ..စားသောက်ထားသမျှတွေပါးစပ်ကမနားတမ်းရွတ်ရင်း Calculator မနားတမ်းခေါက်ပြီး ကျသင့်ငွေကို

မာန်ပါပါပြောတတ်တဲ့တစ်ယောက်ပေါ့.. (ကြက်ဖအကြောင်းများမေးလိုက်ရင် မျက်နှာလေးရှုံ့ ပြီး ပြောပြရှာသေးတယ်..)

..............

..............

တစ်ညကမှတ်မှတ်ရရမိုးတွေရွာနေတုန်း ဘယ်လိုကနေဘယ်လိုဒီဆိုင်ရောက်သွားတယ်တော့ မမှတ်မိတော့ဘူး..

ငါတို့အဖွဲ့တွေတော့တော်တော်စုံတယ်..

ဆိုင်အပြင်ဘက်မိုးကာအောက်မှာသောက်ဖြစ်ကြတယ်..တော်တော်လည်းမူးကြတာပေါ့..

ပြန်မယ်ဆိုတော့..ဘာစိတ်ကူးပေါက်တယ်မသိဘူး..ဟိုကောင်ကြက်ဖ..ကားလမ်းပေါ်တက်ပြီး တရားထိုင်ပါလေရော..

မောင်မောင်ကလဲ သူ့ရပ်ကွက်ထဲပြသနာရှာရကောင်းလားပေါ့..ဒီလိုနဲ့ညိကြတာပေါ့..

ကြက်ဖကလဲ..တော်တော်ကွဲနေပြီ..

မင်းအဖေ မယက လူကြီးဖြစ်လဲ ဂရုမစိုက်ဝူး

ဘာညာဖြစ်ကုန်ကြရော..ပြောမယ့်သာပြောတာ..မောင်မောင်အဖေ မယကလူကြီးဆိုတာရပ်ကွက်ကသိတာဟုတ်ဘူးရယ်..

ပြီးတော့လဲ..ရန်ကုန်မှာမှမဟုတ်တာ..

နောက်တော့ဘယ်လိုကနေဘယ်လိုလူစုကွဲသွားလဲမသိပါဘူး…အားလုံးပြန်ကြတာပေါ့…

အဲဒီနောက်ပိုင်း မောရွှေလီက အောင်စိန်ခမျာ ငါတို့များသွားသောက်ရင် ကြက်ဖပါမပါအရင်ကြည့်ရှာတယ်..

အကြောင်းမသိသူတွေက ကြက်ဖကားလမ်းပေါ်တက်ပြီး ပြသနာရှာလို့လို့ထင်ကြမယ်..

တကယ်တော့အဲဒါကြောင့်မဟုတ်ဘူး..

အဲဒီညကပြသနာတွေမဖြစ်ခင် သင်းက ဂျားခွက်ထဲ သေးပေါက်ထည့်သွားတာကိုး…(ငါတို့လည်းနောက်အခေါက်တွေမှသိလိုက်ရတာ..) သိပ်တော့မမှတ်မိတော့ဘူးရယ်..

အဲဒီညကအိမ်ပြန်ဖြစ်လား..သူငယ်ချင်းတစ်ယောက်ယောက်အိမ်မှာ ပဲအိပ်လားဆိုတာ..

................

................

အရက်များသောက်ပြီးမူးလာပြီဆို..ကြုံရာအိပ်တတ်တဲ့အကျင့်နဲ့ဒုက္ခ ရောက်ရတာလဲရှိရဲ့ ..

................

အဲဒီညကငါရယ်..နွားကြီးရယ်..မောင်မောင်ရယ်..ထွန်းထွန်းလင်းရယ်..သောက်ကြရော..

လေးယောက်သားသောက်ပြီးတော့ ကားလျှောက်မောင်းပြီးဗိုက်ဆာတော့မြေနီကုန်းကလက်ဘက်ရည် ဆိုင်မှာထမင်းကြော်ဝင်စားကြတယ်..

မောင်မောင်ဆိုတဲ့ကောင်က နွားနို့တောင်မှာသောက်လိုက်သေးတယ်..

နောက်မောင်မောင့်အိမ်မှာလိုက်အိပ်တယ်.. မောင်မောင်အိမ်အောက်ထပ်ဧည့်ခန်းမှာအိပ်ကြတာပေါ့..

လမ်းဘက်အစွန်မှနွားကြီးအိပ်တယ်.. နောက်ဖေးမီးဖိုဘက်အစွန်မှာမောင်မောင်အိပ်တယ်.. ငါကမောင်မောင်နဲ့နွားနဲ့ကြားအလယ်မှာအိပ်တယ်..

မောင်မောင့်ခြေရင်ဘက်မှာ မီးဖိုနဲ့ရေချိုးခန်းကိုသွားတဲ့ တံခါးရှိတယ်..ခေါင်းရင်းဘက်မှာတော့နံရံပေါ့..

မူးမူးနဲ့အိပ်ပျော်သွားတာ အိပ်မက်တွေတောင်မက်လို့..

အိပ်မက်ထဲမှာမိုးတွေကရွာနေတယ်..

ငါကကောင်မလေးကိုထီးဆောင်းပေးနေတာပေါ့.. ထီးတစ်ချောင်းထဲဆိုတော့ဘယ်လုံမလဲလေ.. ငါပဲအစိုခံလိုက်တာပေါ့..

ဒါပေမယ့် ငါ့ကိုစိုတဲ့မိုးက ဘာနံ့နံနေမှန်းမသိဖြစ်နေတယ်.. မကြာပါဘူး..

အသံဗလံတွေကြားက..

ဆောရီး..ဆောရီး..ဇေကြီး..

ဆိုတဲ့မောင်မောင့်အသံကြားလိုက်ရတာပဲ..

ဒီကောင် အရက်နဲ့နွားနို့နဲ့ အချဉ်ပေါက်ပြီး အိပ်နေရာက ထအန်တာလေ..

အန်ချင်စိတ်ပေါ်လာလို့ ထပြီးနောက်ဖေးဘက်ပြေးတာ..

သူစအိပ်တုန်းကခြေရင်းက နောက်ဖေးဘက်ဆိုပြီးပြေးတာကိုး.. မူးပြီးအိပ်တာခြေရင်းနဲ့ခေါင်းရင်းလယ်သွားတာမသိတော့.. ငါတို့ပုံမှန်ခေါင်းပြုထားတဲ့နံရံနဲ့ဝင်ဆောင့်.. မနေနိုင်တော့အန်ချလိုက်တာလေ..

ငါလဲမျက်နှာလောက်စင်တာပဲဆိုပြီးမျက်နှာသစ်လိုက်တယ်.. အမူးကပြေသေးဘူးဟ..အန်ဖတ်နံ့ကလည်းနံနေသေးတယ်..

ဒါနဲ့ဘေစင်ကမှန်ကိုမျက်လုံးအတင်းဖြဲ ကြည့်လိုက်မှ..အားပါး..ငါ့တစ်ခေါင်းလုံးမှာ..ဒီကောင့်အန်ဖတ်တွေချည်းပဲ..

.................

.................

အင်းအလွမ်းပြေပေါ့သူငယ်ချင်းရယ်…ဘာမှမကြာသေးသလိုနဲ့၂၀၀၁ခုနစ်ကတည်းကဆိုတော့ ၁၀နှစ်တောင်ကြာခဲ့ပြီပဲလေ…

.................

.................

မှတ်မှတ်ရရအဲဒီနေရာကမောရွှေလီမှာနောက်ဆုံးသောက်ဖြစ်ခဲ့တာ

တင်မောင်နဲ့အာကာနဲ့Singaporeသွားတော့လေဆိပ်လိုက်ပို့ပြီး

ရန်ကုန်ကျန်သူငယ်ချင်းတွေ လွမ်းလွမ်းဆွတ်ဆွတ်သွားသောက်ဖြစ်ခဲ့တဲ့နေ့ပေါ့……။

by Zay Htet on Tuesday, 15 March 2011 at 19:00

ကျွန်တော်တို့သောက်ဖြစ်ခဲ့သော ဘုံဆိုင်များ..(၁)

Kyaw Zay Myint က ဇေကြီးရေ....ကြည့်မြင့်တိုင် ညဈေးကဘီးအီးဆိုင်လေးကို သတိရတယ်ကွာ.. တဲ့
ဒီဆိုင်လေးကို မွန်မဆိုင် လို့အများကခေါ်ကြတယ်..
ဒီဆိုင်ကိုစမိတ်ဆက်ပေးခဲ့တာကနွားကြီး..
ငါရယ်တင်မောင်ရယ်မောင်မောင်ရယ်နွားရယ် စသောက်ခဲ့ဖြစ်တာက မင်းကြောင့်..အကြည်ရ..
အဲဒီနေ့က..မင်းကိုဘောလုံးပွဲမှာလူစားလဲလို့ဆိုပြီးမင်းစိတ်ကောက်ပြီးကားမောင်းထွက်သွားတော့ ငါ့အ၀တ်အစားတွေကော..လွယ်အိတ်ကော..ဖိနပ်ကောကမင့်ကားပေါ်ပါသွားတာလေ..
ဘောကန်ဝတ်စုံနဲ့ပြန်လို့ရပေမယ့်ဖိနပ်မပါရင်မဖြစ်ပါဘူးလေဆိုပြီး..
လှည်းတမ်းကဖိနပ်ဆိုင်မှာဖိနပ်ဝယ်မယ်လုပ်ပြီးမှသူများ ပစ်ထားခဲ့တဲ့ဖိနပ်ကောက်စီးလာပြီး..
ဖိနပ်ဖိုး ကို လေးယောက်သား ဘီအီးဝယ်သောက်လိုက်ကြတာ ဒီဆိုင်လေးပေါ့..
အမှတ်တရများစွာရှိနေတဲ့ဆိုင်လေးပေါ့ကွာ..

မယ်ဇလီပင်လမ်းထဲကို ၀င်ဝင်ချင်းပဲ ဒီဆိုင်လေးကို တွေ့ရပါတယ်..
ညနေမစောင်းခင်ဆိုရင် အနည်းငယ်ခြောက်သွေ့နေတတ်ပေမယ့် မလှမ်းမကမ်းလမ်းမဟိုဘက် လှိုင်မြစ်အနောက်ဘက်ကမ်းနားဆီ နေ၀င်သွားပြီဆိုရင်တော့ ဆိုင်ရှေ့က လမ်းတစ်ဘက်ဆီက ကွက်လပ်လေးတွေမှာခုံပုလေး တွေနေရာယူလာတော့တာပါပဲ..
တို့ရဲ့ ဖေးဗရိတ်နေရာလေးက ဆိုင်ရှေ့ကပိတောက်ပင်လေးအောက်ကကွပ်ပျစ်လေးပေါ့..
စိမ်းဖန့်ဖန့် ငှက်ပြောဖူးပုလင်းထဲက ပယင်းရည် တွေ အစီအရီချစီထားတဲ့ ဖန်ခွက်ခပ်လတ်လတ် လေးတွေစီ စီကျလာတာကို ငေးကြည့်ရင်း..
အချိုပွဲပန်းကန်ပြားအရွယ်လေးတွေထဲက ငါးကျည်းခြောက်ကြော်လေးကို ဆတ်ခနဲဝါးရင်း..
စပါကလင် နဲ့ ရေခဲ ရောထားထဲ အ၀င်မှာချို အမြိုမှာခါး ယမကာအရသာလေး အငမ်းမရမျိုချရင်း ငါ့တို့ညတွေကုန်လွန်ခဲ့ကြဘူးတယ်..
ငါတို့လေးယောက် အဲဒီလိုနဲ့စထိုင်ဖြစ်ခဲ့တဲ့ ဒီဆိုင်လေးမှာ..တခြားသူငယ်ချင်းတွေလာထိုင်ကြတယ်..
ပျော်ဖို့ကောင်းခဲ့ကြတယ်လေ..
ကားအကောင်းစားကြီးနဲ့လာပြီး ဘီအီးဆိုင်မှာ အ၀သောက်သွားကြတဲ့ သူငယ်ချင်းတစ်ချို့လဲရှိရဲ့..
(ဂုဏ်ယူစရာမဟုတ်ပေမယ့်..ဒီနေရာမျိုးကို..ဒီကောင်တွေရောက်ဘူး..ခံစားခဲ့ဘူးရတာ..တို့ကြောင့်လို့...)
ခပ်ဝေးဝေးတစ်နေရာကလာပြီး ခံစားချက်တွေဖွင့်အံတဲ့ သူငယ်ချင်းမျိုးကြတော့လဲ ကြုံရာလိုင်းကားပေါ်တင်ပေးလိုက်ပြီး နောက်နေ့ကျောင်းရောက်မှစိုးရိမ်တကြီးလိုက်ရှာရတာလဲရှိရဲ့..
.....
.....
ဒီလိုနဲ့ ညပေါင်းများစွာ..
တစ်ခါတလေ ပါသမျှပိုက်ဆံကုန်အောင်သောက် မ၀သေးလို့ပါဆယ်(အကြွေး)ဆွဲပြီး လိုင်းကားခမကျန်လို့ လမ်းလျှောက်ပြန်လာရင်း လမ်းမှာတစ်ယောက်တစ်လှည့် တစ်ကြိုက်စီမော့ခဲ့ရတဲ့ ညတွေ..
.......
.......
ငါ..ဒါတွေရေးနေတော့..မင်းတို့လဲလွမ်းမှာပဲလေ..
တစ်ခါတော့ အရူးထပြီးတွေးမိတယ်..
မွန်မဆိုင်က အမြည်းတွေ အစီအရီတင်ရောင်းနေတဲ့စားပွဲကြီးပါအပါ..အမြည်းအစုံရယ်..
ကတော့ခွက်လေးစိုက်ထားတဲ့ ယမကာအပြည့်ပါတဲ့ စိမ်းဖန့်ဖန့်ဖန်ပုလင်းတွေရယ်..
မြန်မာပြည်ဖြစ်လီမွန်စပါကလင်ပုလင်းကဒ်ရယ်..
သြော်..အသုပ်နဲ့အမြည်းလုပ်ပေးတဲ့..မွန်မရယ်..
မင်းတို့တွေရှိနေတဲတိုင်းပြည်က..မင်းတို့တစ်ခုပ်တရပြောကြတဲ့..မင်းတို့သွားသောက်တယ်ဆိုတဲ့ စန်တိုစာကို လေယာဉ်နဲ့တင်ခေါ်လာပြီး စုပေါင်းသောက်စားလိုက်ရရင်များလို့..
တခြားရောက်နေတဲ့ဘော်ဘော်တွေလဲလာစုပေါ့..
ဒါပေမယ့်..ဒီမှာလောက်တော့ ပျော်ရမယ်မထင်ဘူးနော်...
အေးလေ..အသက်တွေလဲကြီးလာပြီကိုး..
အင်း..ပြောမယ့်သာပြောရတာ..မင်းတို့ပြန်လာလို့ဆုံဖြစ်တာတောင်..မွန်မဆိုင်ကိုသွားဖြစ်ကြတော့တာမှ..မဟုတ်ပဲလေ..
ဒီအခြေအနေတွေဖြစ်လာတော့လဲ..၀ီစကီလေးပဲမှီဝဲချင်ကြတော့တာကိုး..
(photo by Thuxin)
by Zay Htet on Tuesday, 03 August 2010 at 20:00